မေဒေးအရသာအလှမ်းဝေးနေတဲ့မြန်မာလုပ်သားတွေ

 

၁၊မေလ

“ အရင်က အလုပ်ရှင်တွေက အလုပ်သမားအခွင့်အ ရေးချိုးဖောက်ကြတာ အဲ့ဒါကို အစိုးရကထိန်းညှိပေးရတာမလား။ အခုကကျ အလုပ်သမားတွေ အလုပ်လုပ်ရင်းငတ်နေအောင် ခေါင်းမဖော်နိုင်အောင် အသံမထွက်နိုင်အောင် အဘက်ဘက်က အခွင့်အရေး ချိုးဖောက်နေတာက အစိုးရကိုယ်တိုင် ပဲ(စစ်ကောင်စီ) “လို့ ဆိုပါတယ်။

မေဒေးလို့ပြောလိုက်ရင်အများအားဖြင့် တူညီဝတ်စုံတွေနဲ့အခြေခံ အလုပ်သမားတွေကို ပြေးမြင်တတ် ကြပါတယ်။

မတရားဖိနှိပ်ခံရမှုတွေ၊ လိမ်လည့်လှည့်ဖြားခံရခြင်းတွေ လူ့အခွင့်အရေးချိုးဖောက်ခြင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ ဆိုတာဟာ ဒီကနေ့ မေလ ၁ ရက်နေ့ မေဒေးဖြစ်ပါတယ်။

အလုပ်ချိန် ၈ နာရီ၊ နားချိန် ၈ နာရီနဲ့ ကိုယ်ပိုင်ချိန် ၈ နာရီဆိုတဲ့ တောင်းဆိုမှုတွေနဲ့ သမိုင်းကြောင်းကြီး မားလှတဲ့ မေဒေးဟာ ယခု ၂၀၂၅ ခုနှစ်မှာ ၁၃၅ ကြိမ်မြောက် ရှိလာခဲ့ပါပြီ။

၂၀၂၅ ခုနှစ်အတွက် မေဒေးနေ့ ဆောင်ပုဒ်ကတော့ လူမှုတရားမျှတရေးနှင့် ဂုဏ်သိက္ခာရှိတဲ့အလုပ်အ ကိုင် လို့ ဆိုပါတယ်။

– မြန်မာအလုပ်သမားတွေရဲ့ အခြေအနေကရော ဘယ်လိုရှိနေပါသလဲ

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်က လုပ်အားခနဲ့ လုံလောက်နိုင်တဲ့ နေထိုင်မှုပုံစံတချို့ရနိုင်ဖို့ ကြိုး စားခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့အလုပ်သ မား အခွင့်အရေးသာမက အခြေခံ လူ့အခွင့်အရေးတွေကိုပါ ချိုးဖောက်ခံနေရတဲ့ လုပ်ငန်းခွင်တွေ ဖြစ်နေပါပြီ။

ဒီလိုဖြစ်နေတာကို မြန်မာနိုင်ငံတွင်းကအလုပ်သမားတွေပဲ ခံစားနေရတာလားလို့ ထပ်ပြီး စောကြော ကြည့်လိုက်မယ်ဆိုရင် မြန်မာပြည်ပြင်ပက မြန်မာအလုပ်သမားတွေဟာလည်း ဒီလိုအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ခံစားနေကြရပါတယ်။

ဒါဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) အပါအဝင် အလုပ်သမားရေး လှုပ်ရှားကြသူတွေက တူညီစွာ မှတ်ချက်ပြုထားကြပါတယ်။

ပြည်တွင်း ပြည်ပက မြန်မာအလုပ်သမားတွေအလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုတွေဟာ စစ်ကောင်စီလွှမ်းချုပ်ကိုင်ထားနိုင်နေသေးတဲ့ နေရာတွေမှာတော့ အဆိုးဆုံးကို ရင်ဆိုင်နေရတယ် လို့ ဆိုကြပါတယ်။

ဒီအခြေအနေဟာ အလုပ်ရှင်တွေကြောင့် ဖြစ်ရတဲ့ ပြဿနာမဟုတ်ဘဲ နိုင်ငံရေးကြောင့် ဖြစ်ရတဲ့ ပြဿနာပဲဖြစ်တယ်လို့ လက်ရှိပြည်တွင်းမှာပဲရှိနေပြီး အလုပ်သမားရေးတွေကို ကူညီဆောင်ရွက်ပေးနေသူ တဦးကဆိုပါတယ်။

သူက”အရင်က အလုပ်ရှင်တွေက အလုပ်သမားအခွင့်အရေးချိုးဖောက်ကြတာ အဲ့ဒါကို အစိုးရကထိန်းညှိပေးရတာမလား။ အခုကကျ အလုပ်သမားတွေ အလုပ်လုပ်ရင်းငတ်နေအောင် ခေါင်းမဖော်နိုင်အောင် အသံမထွက်နိုင်အောင် အဘက်ဘက်က အခွင့်အရေး ချိုးဖောက်နေတာက အစိုးရကိုယ်တိုင် ပဲ(စစ်ကောင်စီ) “လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီနဲ့ လက်တွဲထားတဲ့ နိုင်ငံတွေမှာရှိနေတဲ့ မြန်မာ အလုပ်သမားတွေဟာ အခွင့်အ ရေးချိုးဖောက်ခံရတာ၊ ဖိနှိပ်ခံရတာတွေ ဆက်ဖြစ်နေမှာပဲလို့ သူက ဆက်ပြောပါတယ်။

ဒါကိုသက်သေပြလိုက်တာကတော့ ဆယ်စုနှစ်တခုကျော်ကြာအောင် မြန်မာရွေ့ပြောင်းအလုပ်သမားရေးတွေကို ဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံအခြေ စိုက် AAC (လက်တွဲကူညီ) ရုံးကို ထိုင်းအာဏာပိုင် တွေက ဒီကနေ့ မေဒေးနေ့မှာပဲ ရုံးပိတ်ခိုင်းရုံမျှမက အဆောက်အဦတွေကိုပါ ဖြိုချတာတွေ ပြုလုပ်နေခြင်းပါပဲ။

AAC (လက်တွဲကူညီ)ရဲ့ ဒါရိုက်တာဖြစ်သူ ဦးခိုင် ကြီးကတော့” ဘာမှကို မပြောချင်တော့ဘူး။ ဘာပြောရမှန်းမသိအောင်ကို ဝမ်းနည်းရတယ် “လို့ ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်မှုရှည်လျားလှတဲ့ ထိုင်းနိုင်ငံထဲမှာ တရားဝင် မြန်မာရွေ့ပြောင်း အလုပ်သမားပေါင်း ၄ သန်းနီးပါးရှိပါတယ်။

ဒါပေမယ့် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်သွားလို့ သက်တမ်းတိုးရတဲ့အခါမှာတော့ နိုင်ငံခြားသား အလုပ်သမားတွေ အကုန်လုံးအတွက်သတ်မှတ်ပေး ထားတဲ့ နည်းလမ်းတွေနဲ့မတူတဲ့ လုပ်ငန်းစဉ် နည်းလမ်းတချို့ကို ထိုင်းအာဏာပိုင်တွေဟာ စစ်ကောင်စီရဲ့ အလိုကျ သတ်မှတ်ပေးခဲ့ပါတယ်။

ဒါကြောင့်မို့လို့ သက်တမ်းတိုးကိစ္စတွေနဲ့ ပန်းရောင် ကဒ်အသစ်လုပ်မယ့် ကိစ္စတွေဟာ မလိုအပ်ပဲ ခက်ခဲသွားခဲ့ပြီးတော့ အလုပ်တွေခေါ်ချိန်မှာ အချိန်မီသက်တမ်းမတိုးနိုင်ကြတဲ့အခါ အလုပ်လက်မဲ့တွေ ဖြစ်သွားကြရပါတယ်။

“ ငါတို့ လင်မယားနှစ်ယောက်စလုံး ဒီလကစပြီး အလုပ်နားရမယ်။ သက်တမ်းတိုးဖို့အတွက် ဟိုကောင်တွေ(စစ်ကောင်စီ)ကို စာရင်းပို့ပြီး သူတို့အတည်ပြုမှရမယ်ဆိုတော့ ခုထိ နိမ်းလစ်နဲ့နေရတယ်။ ဒီလကုန်ရင် သက်တမ်းမတိုးထားတဲ့သူတွေကို အလုပ်ထုတ်မယ်လို့ ၃ လပိုင်းကတည်းက ကြေညာထားတာ” လို့ မအူပင်မြို့ကနေ ထိုင်းနိုင်ငံ မဟာချိုင်မှာ သွားရောက် အလုပ်လုပ်ကိုင်နေသူ တဦးက ပြောပြပါတယ်။

လက်ရှိအချိန်မှာ မြန်မာရွေ့ပြောင်း အလုပ်သမားတွေဟာ ဘယ်နိုင်ငံမှာပဲ ရောက်နေ ရောက်နေ အနှိမ်ခံရတာပဲလို့ ဒူဘိုင်းမှာ အိမ်အကူလုပ်ကိုင်နေတဲ့ မနွေချိုတေးက ဆိုပါတယ်။

သူဟာ တော်လှန်ရေးလုပ်ငန်းတွေမှာ မပါဝင်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ဧရာဝတီတိုင်းထဲက သူ့ဒေသဟာ စစ်မီးတောက်နေချိန် ဖြစ်သလို တဖက်မှာလည်း အလုပ်က စာချုပ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

နေရပ်ကိုပြန်ဖို့ ဘယ်လိုမှ မလွယ်ကူနေတဲ့အချိန်မှာ စာချုပ်သက်တမ်းဆက်တိုးနိုင်ဖို့ ကြိုးစားတဲ့အခါ ယခင်က UAE ငွေ ၁၂၀၀ aed ရရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ၁၀၀၀ aed နဲ့သဘောတူပြီး ဆက်လက်လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။

“ကျွန်မ ဘာမှမတတ်နိုင်ဘူး။ ရွေးစရာမရှိဘူး။ မြန်မာပြန်ပြီး လေယာဉ်နဲ့ ဗုံးကြဲနေတာကို မိသားစုနဲ့ အတူတူရင်ဆိုင်မလား။ ဒီမှာငွေရှာပြီး ပို့ပေးမလား ဆိုတာမှာ အဖြေက ရှိပြီးသားလေနော်”လို့ သူက ရှင်းပြပါတယ်။

သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် မြန်မာ (STUM) က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် တနှစ်ထဲမှာတည်း အလုပ်သမားပေါင်း ထောင်နဲ့ချီဟာ တရားမဲ့ အလုပ်ထုတ်ခြင်း ခံခဲ့ရတယ်ဆိုတာကို တွေ့မြင်ရပါတယ်။

အလုပ်သမားရေးတွေကို အဓိကထား ဖော်ပြရေး သားနေတဲ့ Myanmar Labour News ရဲ့ စာတမ်းတွေမှာလည်း ပြည်တွင်းက အလုပ်သမားတွေကြုံနေရတဲ့ ချိုးဖောက်ခံနေရမှုအကြောင်းတွေ အသေးစိတ် တွေ့မြင်နိုင်ပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဉပဒေဆိုတာဟာလည်း အလုပ်သမားတွေရဲ့ ဘဝကို ခြိမ်းခြောက်နေပြန်ပါသေးတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကတော့ မြန်မာအလုပ်သမားတွေရဲ့ ဘဝဟာ အဓမ္မစစ်သားစုဆောင်းခံနေရခြင်း၊ ချွတ်ခြုံကျစီးပွားရေးနဲ့ အလုပ်အကိုင်ရှားပါးခြင်းကို ရင်ဆိုင်နေရခြင်း၊ ဘာသာဝ ဘေးအန္တရာယ်တွေကို ရင်ဆိုင်နေရခြင်း စတဲ့ကိစ္စရပ်တွေကြောင့် အဆိုးဆုံး အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ဒီကနေ့ မေဒေးနေ့အတွက် ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာ့နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီးဆုံးရန် ပြည်တွင်း၊ ပြည်ပရှိ မြန်မာအလုပ်သမားများ အပါအဝင် တိုင်းရင်းသား ပြည် သူတစ်ရပ်လုံး တတ်နိုင်သည့် နည်းလမ်းမျိုးစုံဖြင့် ဆက်လက် တိုက်ပွဲ ဝင်ကြရန် အလေးအနက် တိုက် တွန်းအပ်ပါသည် လို့လည်းပါရှိပါတယ်။

ပြည်တွင်းမှာရှိနေတဲ့ အလုပ်သမားရေး လှုပ်ရှားသူကတော့ ဒီလိုမှတ်ချက်ပြုပါတယ်။

“ဘယ်အစိုးရပဲဖြစ်ဖြစ် ဒီအချိန်မှာတော့ အလုပ်သ မားတွေအတွက် ဘယ်နေရာကမှ အင်အားမဖြစ်နေပါဘူး။ နုကြည်(NUG)က စာလေးထုတ်လိုက် လေ ပေါလိုက်၊ ွေး (စစ်ကောင်စီ)တွေက တချိန်လုံး ဒုက္ခပေးဖို့ချောင်းနေလိုက်နဲ့ ထပ်ပြောရရင် အစိုးရဆိုတဲ့ဟာတွေ ေ-ာက်သုံးမကျလို့ ဖြစ်နေရတာဆိုတော့ အလုပ်သမားအခွင့်အရေးကို အကြီးမားဆုံး ကျူးလွန်ဖောက်ဖျက်နေသူဟာ အစိုးရ(စစ်ကောင်စီ)ပဲ တဲ့။