၁၊မေလ
အခုနှစ်စပါးဝယ်ယူသိုလှောင်သူနည်းပါးတဲ့အပြင်ကုန်သည်တွေကလည်းစပါးအစို၊အခြောက်အားလုံး အကုန်ကြိတ်ခွဲနေတာကြောင့် လာမယ့်မိုးရာသီမှာဆန်စပါးစျေးတက်လာနိုင်တယ်လို့ဧရာဝတီတိုင်းဒေသကြီးက ဆန်စက်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ကုန်သည်တွေဟာ ဈေးနှုန်းကျဆင်း နေတဲ့ စပါးတွေကို ဆန်အဖြစ်ပြောင်းလဲဖို့အတွက်သာ အဓိကထားပြီး လုပ်ဆောင်နေကြတာပါ။
“အစိုရော အခြောက်ရော တွန်းကြိတ်နေကြတာ။ ဘာတွေဖြစ်မလဲမသိဘူး။ အစိုဓာတ် ၁၈ % ၂၀ % တွေ ကို ကြိတ်နေကြတာ “လို့ သူကပြောပါတယ်။
လက်ရှိစပါးဈေးနှုန်းဟာ တင်း ၁၀၀ ကို ကျပ် ၁၃ သိန်းဝန်းကျင်မှာရှိနေပါတယ်။ ဒါပေမယ့်လည်း လာမယ့် မိုးရာသီမှာ ဘယ်လောက်ထိ မြင့်တက်လာမယ်ဆိုတာတော့ ခန့်မှန်းလို့မရသေးပါဘူး။
“အရမ်း ကြီးအမြင့်မခံဘူး။ သူတို့ (စကစ) က မြင့်ရင်ဖမ်းရော။ မှောင်ခိုဈေးတွေရောင်းတာဖြစ်ကုန်ရော”လို့ ဆန်စက်လုပ်ငန်းရှင်က ပြောပါတယ်။
ဒါ့ပြင် စပါးဈေးနှုန်းကျဆင်းနေချိန်မှာ ဆန်ဈေးနှုန်းကကျဆင်းသင့်သလောက် မကျဆင်းဘဲ တည်ရှိနေ ပါတယ်။ ဒါကလည်း စစ်ကောင်စီရဲ့ ဆန်ဈေးနှုန်းသက်မှတ်ချက် မြင့်မားတာကို လက်လီဈေးကွက်က လိုက်လံပြီးတော့ တောင့်ခံထားတာလို့ ကုန်သည်တွေက ပြောပါတယ်။
“အခုက ဆန်ဖြစ်ပြီးရောချနေတာ။ အခြောက်လည်းမခံ ၊ နေလည်းမပြဘူး။ လက်ကလွတ်ပြီးရော”လို့ ဆန်စက်လုပ်ငန်းရှင်က ပြောပါတယ်။ မိုးမိထားတဲ့ စပါးတွေကို ကြိတ်ခွဲတဲ့အခါ ဆန်ထွက်နည်းပြီးတော့ ဆန်ကွဲထွက်တာ များနေတာကိုလည်း ကုန်သည်တွေအနေနဲ့ ကြုံတွေ့နေရပါတယ်။
စပါးအခြောက်ခံဖို့အတွက်ကလည်း စပါးတင်း ၁၀၀ အတွက် အသွင်းအထုတ်လုပ်အားခအပါအဝင် ကျပ် ၁ သိန်းလောက်ပေးနေရတာကြောင့် တချို့သော ကုန်သည်တွေဟာ စပါးကိုအခြောက်မခံတော့ ဘဲ ဆန်ဖြစ်ရေးအတွက် ကြိတ်ခွဲနေကြတာပါ။
ဒါ့ပြင် အာဏာသိမ်းခံရတဲ့နောက် ဧရာဝတီတိုင်းမှာ လုပ်သားရှားပါးမှုပြဿနာကြုံတွေ့လာရတာကြောင့် ဆန်စပါးကုန်သည်တွေရဲ့ အထွေထွေကုန်ကျစရိတ်ကလည်း မြင့်မားလာခဲ့ပါတယ်။ အရင်က ဆန်စက် တွေမှာ စပါး ၁၀၀ ကို စက်လှေပေါ်ကနေ ဆန်စက်ထဲတင်ဆောင်ခဟာ ကျပ် ၁၂၀၀၀ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၂ သောင်းကျပ် ပေါက်ဈေးရှိနေပါတယ်။