ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ပြီးခဲ့တဲ့နှစ် ပြုံယမ်းကို လာရောက်တဲ့ခရီးစဉ်မှာ တံတားသစ် တည်ဆောက်ရေးအတွက် အစီအစဉ်တွေကို ဆွေးနွေးအတည်ပြုခဲ့ပါတယ်။

 

၁ ၊ မေ

ရုရှားနဲ့ မြောက်ကိုရီးယားအတွက် နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ အရေးကြီးဆုံး ပြယုဂ်တစ်ခုအဖြစ် ပထမဆုံး လမ်းတံတားတစ်စင်း ဆောက်လုပ်ရေး အစီအစဉ်ကို စတင်လိုက်ပြီဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က ဖော်ပြလာပါတယ်။

ဒီလမ်းတံတားတည်ဆောက်မှုဟာ နှစ်နိုင်ငံကြား ဆက်ဆံရေးအတွက် အရေးကြီးသလို ကိုရီးယားစစ်ပွဲအပြီး ၁၉၅၉ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ ကိုရီးယား – ရုရှား ချစ်ကြည်ရေးတံတားအနီးမှာပဲ တည်ဆောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားဝန်ကြီးချုပ် မီခေးလ် မစ်ရှုစတင်ရဲ့ ပြောကြားမှုအတွင်း “တည်ဆောက်မှုဆိုင်ရာ အင်ဂျင်နီယာ အလုပ်တစ်ခုထက် ကျော်လွန်ပါတယ်။ ချစ်ကြည်ရင်းနှီးမှု၊ အိမ်နီးချင်းဆံဆက်ရေး ခိုင်မာစေဖို့နဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့ ဘုံဆန္ဒကို ကိုယ်စားပြုပါတယ်”လို့ ရုရှားနိုင်ငံပိုင် သတင်းဌာန TASS က ဖော်ပြထားပါတယ်။

အဲ့ဒီလမ်းတံတားဟာ ၂၀၂၆ ခုနှစ် နှစ်လယ်လောက်မှာ ပြီးစီးအောင် တည်ဆောက်ဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။ ရုရှား-ယူကရိန်း စစ်ပွဲ သုံးနှစ်ကျော်ကာလအတွင်း ရုရှားနဲ့ မြောက်ကိုရီးယားဟာ ဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့ပြီး တစ်ဘက်နဲ့တစ်ဘက် ထောက်ပံ့ကူညီမှုတွေ အပြန်အလှန်ပြုလုပ်နေခဲ့တာပါ။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ပြီးခဲ့တဲ့နှစ် ပြုံယမ်းကို လာရောက်တဲ့ခရီးစဉ်မှာ တံတားသစ် တည်ဆောက်ရေးအတွက် အစီအစဉ်တွေကို ဆွေးနွေးအတည်ပြုခဲ့ပြီး မော်စကိုအတွက် နှစ်နိုင်ငံဆက်ဆံရေး အဆင့်အမြင့်ဆုံးဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးကလည်း မျက်ခြည်မပြတ်စောင့်ကြည့်နေသလို မကြာသေးခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုအရ မြောက်ကိုရီးယားဘက်က ရုရှားကို စေလွှတ်တဲ့ လက်ရွေးစင် စစ်သား ၆၀၀ ကျော်ဟာ စစ်မြေပြင်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းကို တိုက်ခိုက်တဲ့ စစ်ပွဲမှာမြောက်ကိုရီးယားရဲ့ စစ်သားအင်အားကူညီမှူအတွက် စေလွှတ်ပေးတဲ့ ရုရှားဘက်ကလည်း သူတို့ရဲ့ ထောက်လှမ်းရေး ဂြိုဟ်တုတွေ၊ အဆင့်မြင့်ဒရုန်းတွေနဲ့ ဝေဟင်ပစ် ဒုံးကြည်စနစ် နည်းပညာအကူအညီတွေကိုပြန်လည်ကူညီခဲ့တယ်လို့ တောင်ကိုရီးယား သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

#ရုရှား #မြောက်ကိုရီးယား #မဟာဗျူဟာ #DeltaNewsAgency #DNA