၂၉၊ဧပြီ
ကြံ့ခိုင်မှုမရှိတော့တဲ့ ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ်ထဲက ငဝန်ရေကာတာ (ကျုံတာရေကာတာ) ကို ဆည်မြောင်းဌာနက ပြန်လည်ပြုပြင်ခြင်းမရှိတာကြောင့် ရေကြည်မြို့နယ် ငဝန်မြစ်အရှေ့ဘက် ခြမ်းမှာ ရှိတဲ့ လယ်သမားတွေ မိုးရာသီအတွက် စိုးရိမ်ပူပန်နေကြပါတယ်။
ဒေသအခေါ် ငဝန်မြစ်လို့ခေါ်တဲ့ ပုသိမ်မြစ်ရေဟာ ၂၀၂၄ ခုနှစ် ဇူလှိုင်လမှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်ပြီး ငဝန်ရေကာပေါ်ကို ဖြတ်ကျော်ခဲ့တာကြောင့် ရေကာတာကြံ့ခိုင်မှုအားနည်းသွားခဲ့တာပါ။
“တာက အိသွားတာ” လို့ ငသိုင်းချောင်းမြို့မှာနေထိုင်သူက ပြောပါတယ်။
ရေထုဖိအားကြောင့် မြေသားတာယိုင်နဲ့သွားခဲ့တာကို ၂၀၂၄ ခုနှစ်က ကျောက်အိတ် ၊ သဲအိတ် ၊ သစ် ၊ ဝါး စတာတွေနဲ့ ခိုင်ခန့်အောင်တွန်းကာခဲ့ပေမယ့်လည်း ယုံကြည်စိတ်ချရတဲ့အနေအထားမဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။
ငဝန်ရေကာတာဟာ ရေကြည်မြို့နယ်ထဲမှာ ပေ ၁ သိန်းကျော်အထိရှည်လျားတဲ့ မြေသားတာတမံဖြစ်တဲ့ အပြင် ဟင်္သတာမြို့နယ်ထဲက ငဝန်တာတမံနဲ့လည်း တစ်ဆက်တည်းတည်ရှိပါတယ်။ မနှစ်က (၂၀၂၄) ကျုံတာတာကမနိုင်တော့ ဟင်္သာတ ၊ ချည်ပေါင်ပင်ဘက်ကနေ ဖောက်ထုတ်လိုက်ရတယ် လို့ ငသိုင်း ချောင်းဒေသခံကပြောပါတယ်။
၂၀၂၄ ခုနှစ် မိုးရာသီက ငဝန်ရေကာတာကို ကျော် လွန်ခဲ့တဲ့ မြစ်ရေဟာ ငဝန်မြစ်အနောက်ဘက် ကုန်းမြင့် ဒေသစိုက်ခင်းတွေကလွဲရင် အရှေ့ဘက်လွင်ပြင်ဒေသက စိုက်ပျိုးသီးနှံအကုန်လုံးကို ပျက် စီးဆုံးရှုံးစေခဲ့ပါတယ်။
“မနှစ်က ရေကြီးတော့ အိမ်တွေပါမြုပ်တာ။ ဒီနှစ်တာသာ ကျိုးရင် လူပါသေနိုင်တယ်” လို့ သူကပြောပါတယ်။
ဌာနဆိုင်ရာထုတ်ပြန်ချက်တွေအရ ငဝန်ရေကာတာဟာ ရေကြည်မြို့နယ်ထဲမှာ စိုက်ပျိုးဧက ၉ သောင်း ၈ ထောင်ကျော်ကို အကျိုးပြုပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ဆည်မြောင်းဌာနက ငဝန်ရေကာတာကို ပြုပြင်ပေးတာမရှိတဲ့အပြင် အခွန်ဌာနကတော့ နှစ်စဉ်လယ်မြေခွန်ကို ရေကြည်မြို့နယ်ထဲမှာ ကောက်ခံနေပါတယ်။
#ကြံ့ခိုင်မှု #အားနည်း #ငဝန်ရေကာတာ #စိုးရိမ် #ဧရာဝတီတိုင်း #DeltaNewsAgency #DNA