ဧပြီ ၁၈
“အလောင်းတွေကို ကားနဲ့သယ်သွားတယ်”
“တပ်ဘက် ၃၇ ယောက်ကျတယ်လို့ မနက်က ပြောနေကြတယ်”
ပန်းတောကြီးရွာ အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတဦးက DNA ကိုအခုလို ပြောခဲ့တာပါ။
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့နယ်ထဲက ပန်းတောကြီးရွာကို အာရက္ခတပ်တော်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့ညမှာပဲ သိမ်းပိုက်လိုက် နိုင်ပြီလို့ ဒီနေ့မနက်ပိုင်းမှာ DNA က အတည်ပြုခဲ့နိုင်ပါတယ်။
“အခုပန်းတောကြီးက ကျသွားပြီ၊အမြှောက်တပ်က ဆီဆုံကုန်းဘက်မှာ ၊ အပစ်အခတ်က ဖြစ်နေတယ်၊ အဲဒီဘက်ကလူတွေလည်း အကုန်လုံး ပြောင်းရွှေ့ကုန်ပြီ ၊ အခြေအနေကတော့ တော်တော်ဆိုးတယ်”လို့ ဒေသခံ တဦးက DNA ကို အသံဖိုင်ပေးပို့ ထားပါတယ်။
ဆီဆုံကုန်းရွာဆိုတာ ပန်းတောကြီးရွာနဲ့ ၂ မိုင်ခန့်သာ အကွာအဝေးရှိပြီး လေးမျက်နှာမြို့နဲ့ ပန်းတောကြီးကျေးရွာ ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာ ရှိပါတယ်။ ဒေသခံအားလုံးရဲ့ အတည်ပြုချက် အရ စစ်ကောင်စီတပ်တွေဟာ ပန်းတောကြီးကနေ ဆုတ်လာခဲ့ပြီး ဆီဆုံကုန်းမှာ ပြန်လည် ခံစစ်ပြင်နေပြီလို့ သိရပါတယ်။
ပန်းတောကြီးနဲ့ လေးမျက်နှာမြို့အကြားက နင်းကြမ်းကျေးရွာမှာ နေထိုင်သူ တဦးကလည်း ပန်းတောကြီးရွာဘက်က ပစ်ခတ်သံတွေ ဒီနေ့မနက်ပိုင်းအထိ ကြားနေရတုန်းပဲလို့ ပြောပါတယ်။
“သေနတ်သံထက် ဗုံးသံတွေပဲ ကြားနေရတယ် ၊ ဒီကနေ ငါးမိုင်လောက်ပဲ ကွာတော့တာ။ မိုးကြိုးပစ်နေတဲ့ အတိုင်းပဲ”လို့ ဆိုပါတယ်။
သင်္ကြန်ကာလ အတွင်းမှာ စစ်ကောင်စီရဲ့ တပ်တွေဟာ ပန်းတောကြီးရွာထဲက ကြံ့ခိုင်ရေး အမတ်ဟောင်းတဦး ဖွင့်ထားတဲ့ “ပန်းဟေဝန်”ဆိုတဲ့ စားသောက်ဆိုင်မှာ အထိုင်ချ တပ်စွဲထားခဲ့ပြီး မနေ့က နှစ်ဆန်းတရက်နေ့မှာတော့ အာရက္ခတပ်တော်က ဝင်ရောက် စီးနင်းခဲ့တယ်လို့ သိရပါတယ်။
“စစ်တပ်ကလူတွေ ထွက်ပြေးတာ လက်နက်တွေပါကျန်ခဲ့တယ်”လို့ မနေ့က အခြေအနေကို ပန်းတောကြီးဒေသခံ တဦးက ပြောပါတယ်။
တိုက်ပွဲ အခြေအနေကြောင့် ပန်းတောကြီးကျေးရွာက ဒေသခံ အားလုံးနည်းပါး ရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြပေမယ့် စစ်တပ်ဘက်ကတော့ ရွာမှာရှိတဲ့ ပြည်သူ့စစ်သင်တန်း တက်ထားသူတွေကို ထွက်ပြေးခွင့်မပေးပဲ သူတို့နဲ့အတူ ခေါ်ထားလိုက်ပြီလို့ သိရပါတယ်။
“ ပြည်သူ့စစ် သင်တန်း တက်တုန်းက တက်မိကြပြီး အခုကျ ၊ မလိုက်ချင်ကြတော့ဘူး။ လူတိုင်းက စစ်တိုက်ချင်လို့ အဲဒါတက်တာမှ မဟုတ်ကြတာရှင်၊ အစကတည်းက ကင်းရှင်းအောင် နေခဲ့ကြရမှာပေမယ့် ရွာသားတွေက ဗဟုသုတ နည်းကြတယ်လေ”လို့ ဒေသခံအမျိုးသမီးတဦးက DNA ကိုပြောပါတယ်။
မနေ့ကနဲ့ ဒီနေ့မနက်ပိုင်းမှာ စစ်တပ်ဘက်က လေယဉ်နဲ့ လာပစ်တာ ၊ လက်နက်ကြီးနဲ့ ပစ်တာတွေ ရှိခဲ့ပြီး အာရက္ခတပ်တော် ဘက်ကလည်း ဒရုန်းနဲ့ ပြန်လည် ဗုံးကျဲတာတွေ ရှိတယ်လို့ သိရပါတယ်။ စစ်တပ်ဘက်တော့ လေးမျက်နှာကနေ ပန်းတောကြီးကို အဆက်အပြတ် အင်အားဖြည့်နေတယ်လို့ လေးမျက်နှာမြို့စွန်မှာ နေထိုင်သူတဦးက ပြောပါတယ်။
“ တောက်လျှောက်သွားနေကြတာ ၊ ပန်းတောကြီးကို ။ ညဘက်ကျတော့လည်း ရွာထဲမှာ သူတို့က ဖြတ်သွားနေကြတော့ ရွာကလူတွေလည်း အပြင်မထွက်ရဲကြဘူး”လို့ ဆိုပါတယ်။
ပန်းတောကြီးရွာမှာ လွန်ခဲ့တဲ့ ရက်ပိုင်းတွေက ဗုံးခိုကျင်းတွေ လုပ်ပြီးနေကြပေမယ့် ၊ လက်ရှိအချိန်မှာတော့ တရွာလုံးနီးပါး စစ်ရှောင်နေကြသလို ၊ ဆီဆုံကုန်းရွာက ဒေသခံတွေလည်း သူတို့ရွာကို စစ်တပ်က လာရောက်တပ်စွဲနေပြီ ဖြစ်တဲ့ အတွက် စိုးရိမ်နေကြပြီလို့ ဆိုပါတယ်။ တော်တော်များများကတော့ ဘေးလွတ်ရာ စစ်ရှောင်နေကြပြီလို့ သိရပါတယ်။
လေးမျက်နှာ ပန်းတောကြီးလမ်းဟာ လေးမျက်နှာမြို့နဲ့ ပုသိမ်-မုံရွာလမ်းကို ဆက်သွယ်ထားပြီး ၇ မိုင်ကျော်သာ ကွာဝေးပါတယ်။ ငဝန်မြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ ရှိတဲ့ လေးမျက်နှာမြို့ကနေ ပန်းတောကြီးကို ရောက်ဖို့ဆိုရင် လေးမျက်နှာ ငဝန်တံတားကို ဖြတ်ရပြီး နင်းကြမ်းရွာ ၊ ဆီဆုံကုန်းရွာတွေ အပြီးမှာ ပန်းတောကြီးရွာ တည်ရှိနေပါတယ်။