ဧပြီ ၁၅
ငလျင်နောက်ဆက်တွဲဖြစ်ပေါ်လာနေတဲ့ ကောလာ ဟလတွေအပေါ် အစိုးရိမ်မလွန်ကြဖို့နဲ့ကောလာဟ လ ဖြစ်စေ ကိုယ့်ထင်မြင်ယူဆချက် ဖြစ်စေ ပြောကြတဲ့အခါမှာ ပြည်သူကို စိုးရိမ်ထိတ်လန့်စေမယ့် အကြောင်းအရာတွေကို ထိန်းသိမ်း ရပ်တန့်ပေးကြဖို့ ငလျင်ပညာရှင်တွေ အပါအဝင် သဘာဝပတ်ဝန်း ကျင်အရေး ဆောင်ရွက်နေကြသူ တချို့က ပြောပါတယ်။
ကြီးမားတဲ့ ငလျင်တွေ လှုပ်ခတ်ပြီးချိန်မှာ နောက် ဆက်တွဲ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေထဲမှာ ကော လာဟလတွေ ပြန့်နှံ့လွယ်တဲ့ ကိစ္စတခုလည်း ပါဝင် နေပါတယ်။
“ အခုပြောနေကြတာတွေက ဗျာ။ ရည်ရွယ်ချက်ရှိရှိနဲ့ကို ပြည်သူတွေကို ခြောက်လှန့် နေသလားတောင် ထင်ရတယ် ” လို့ ငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က ဆိုပါတယ်။
လက်ရှိအချိန်မှာ ငလျင်အကြီးကြီး ဆက်လာနိုင်တယ်၊ ဧရာဝတီမြစ်ကြောပြောင်းသွားနိုင်တယ်၊ မိုးတွင်းမှာ ရွာတွေ၊ မြို့တွေ ပျောက်သွားတဲ့အထိ ရေကြီး၊ ရေလျှံမှုတွေ ခံရနိုင်တယ်ဆိုတဲ့ ကောလာ ဟလတွေ အချိန်တို အတွင်းမှာကို ပြန့်နှံ့နေပါတယ်။
ဒါတွေနဲ့ ပတ်သက်လို့ ငလျင်ပညာရှင် ဒေါက်တာ မျိုးသန့်ကတော့ လက်ရှိ ငလျင်ဒဏ်သင့် နေရာတွေမှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးထပ်လာဖို့ မရှိကြောင်းနဲ့ ဧရာဝတီမြစ်ကြောင်းဟာ ဒီငလျင်ကြောင့် ပြောင်းဖို့မရှိကြောင်း အခိုင်အမာ ပြောကြားထားပါတယ်။
သူက “ ဧရာဝတီမြစ်ကြောင်း ပြောင်းဖူးတာက မီး တောင်ပေါက်လို့မို့ စစ်ကိုင်းပြတ်ရွေ့ကနေ ချော် ရည်တွေ ထွက်လာပြီး မြစ်ကြောင်း ပြောင်းသွားတာမျိုးရှိတယ်။ အဲ့ဒါက စဉ့်ကူးရဲ့ မြောက်ဘက်မှာ တွေ့လိမ့်မယ်။ ဒါက ကျောက်ရည်ပူတွေ ထွက်လာပြီး အေးခဲပြီး လမ်းကြောင်း ပြောင်းသွားတာ။ ဒါကလည်း လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဖြစ်ခဲ့တာဖြစ်တယ်။ ဒီငလျင်ကြောင့်တော့ ဒီပြဿနာမရှိဘူး ” လို့ ရှင်းပြပါတယ်။
DNA က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းတွေ ရေးသားရာမှာ မေးမြန်း စုံစမ်းလေ့ရှိတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ် ဆောင်နေကြသူတွေကတော့ မြန်မာနိုင်ငံရဲ့ အရေး ကြီးတဲ့ မြစ်ချောင်းအင်းအိုင်တွေနဲ့ ပတ်သက်လို့ လေ့လာစောင့်ကြည့်နေကြတဲ့ ပညာရှင်တွေဘက်ကနေ လိုအပ်တဲ့အခါမှာ ကြေညာချက်တွေ ထုတ်ပြန်ပေးလေ့ ရှိတာမို့ ကောလာဟလတွေကို စိတ်မပူဖို့ ပြောပါတယ်။
“ ကြိုတင်ခန့်မှန်းလို့ရတဲ့ တခုခုဖြစ်နေပြီဆိုရင် ပညာရှင်တွေက သတင်းရအောင် ထုတ်ပေးမှာပါ။ ဒီကာလမှာ ဘာအချက်အလက်မှ မပါတဲ့ ခန့်မှန်းချက်ကြောင့် ကိုယ့်ရဲ့ပူပန်မှုတွေကို မတိုးကြစေချင် ပါဘူး ” လို့ ကရင်နီဒေသမှာ သဘာဝပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေး လုပ်ဖို့ကြိုးစားနေသူ တဦးက ပြောပါတယ်။
ဒါပေမယ့် ငလျင်ဒဏ်သင့် ပြည်သူတွေအပြင် မြန်မာနိုင်ငံသားတွေ အနေနဲ့ အကြိမ်ရေ ခပ်စိပ်စိပ် ဖြစ်လာနေတဲ့ ရေကြီး၊ရေလျှံမှုတွေကိုတော့ အထူးဂရုပြုရမှာဖြစ်ပြီး ဒါဟာ ငလျင်နဲ့ မသက်ဆိုင်တဲ့ နောက်ထပ် သဘာဝဘေး တခုဖြစ်တယ်လို့ ဆိုပါတယ်။
ငလျင်နောက်ဆက်တွဲ အနေနဲ့ကတော့ ရေကြီးရေ လျှံမှုတွေအပြင် မိုးကြောင့် မြေပြို၊ မြေကျွံမှုတွေနဲ့ တချို့သော ဆည်တွေ အက်ကွဲကုန်တာကြောင့် မိုးများတဲ့အခါ ဆည်အောက်ပိုင်း ဒေသတွေ အနေနဲ့ အထူးဂရုစိုက်ကြရမှာဖြစ်တယ်လို့ သတိပေးမှု ပြုထားကြပါတယ်။