၂၃၊မတ်
ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ် ၊ အိုင်သပြုကျေးရွာအုပ်ချုပ်ရေးမှူးက စစ်ဘေးရှောင်တွေကို လက်ခံရင် အရေးယူမယ်လို့ ပြောထားတဲ့အတွက် ဒေသခံတွေအနေနဲ့ စစ်ဘေးရှောင်တွေကို လက်မခံရဲဘူးဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ စက်စက်ယိုကျေးရွာဘက်က စစ်ဘေးရှောင်တွေဟာ အိုင်သပြုကျေးရွာက လက်မခံတာကြောင့် အိုင်သပြုကျေးရွာရဲ့ မြစ်တစ်ဖက်ကမ်းက ခြောက်ဆယ်ရွာမှာ ပိတ်မိနေတယ်လို့ သူကပြောပါတယ်။
“အိုင်သပြုမှာက စစ်တပ်ထောက်ခံသူလည်းများတော့ စစ်ရှောင်တွေကို လက်မခံရဲကြဘူး။ နောက်ပြီး အိုင်သပြုမှာ စစ်တပ်က တပ်စွဲမယ်ဆိုတဲ့ သတင်းလည်းထွက်နေတယ်။ ဒါကြောင့် ခြောက်ဆယ်ရွာကို ရောက်နေသူတချို့ကလည်း အခြားရွာဘက်ကို ထွက်သွားကြရတယ်” လို့ ဒေသခံကပြောပါတယ်။
ခြောက်ဆယ်ရွာကို ကား ၄ စီးနဲ့အတူ စစ်ဘေးရှောင်တွေ ရောက်ရှိနေတာပါ။ ရခိုင်ရိုးမ အစပ်ကနေ အိုင်သပြုကျေးရွာဆီကို ဦးတည်ရောက်ရှိလာတဲ့ စစ်ဘေးရှောင်အရေအတွက်ကိုတော့ အတိ အကျမသိရသေးပါဘူး။
ငဝန်မြစ်ကမ်းဘေးမှာတည်ရှိတဲ့ အိုင်သပြုဟာ အိမ်ခြေထောင်ဂဏန်းနီးပါးရှိတဲ့ကျေးရွာ ကြီးဖြစ်တဲ့အပြင် ရဲစခန်းနဲ့ တိုက်နယ်ဆေးရုံလည်းရှိပါတယ်။
မတ်လ ၂၃ ရက်မှာတော့ လက်သမား ကျေးရွာပတ်ချာလည်ကို စက်တပ်လေထီးတွေ ဝဲနေခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
“နေ့ဘက်မှာ လာကြည့်ပြီး ညဘက်မှာ ဗုံးလာကျဲမှာကို လူတွေကကြောက်နေကြတာ။ ဗုံးခိုကျင်း တူး မယ်ဆိုတော့လည်း အုပ်ချုပ်ရေးမှူးက ခွင့်မပြုဘူး။ အုပ်ချုပ်ရေးမှူးက ကြံ့ဖွံ့ဘက်ကပါ။ သူလည်း ည ဘက်ဆိုရင် ပုန်းအိပ်နေရတာ” လို့ ဒေသခံကပြောပါတယ်။
ဧရာဝတီတိုင်း ရေကြည် ၊ လေးမျက်နှာနဲ့ သာပေါင်းမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံ ပြည်သူ သုံးထောင်ကနေ ငါးထောင်နီးပါးစစ်ဘေးရှောင်နေရတယ်လို့ ဧရာဝတီလူငယ်သမဂ္ဂ တာဝန်ခံက DNA ကို ပြောပါတယ်။
ဧရာဝတီလူငယ်သမဂ္ဂက ကောက်ယူထားတဲ့ စစ်တမ်းတွေအရ လေးမျက်နှာမြို့နယ်ထဲမှာ စစ်ရှောင် ပြည်သူ ၂ ထောင်ကျော်ရှိနေပါတယ်။ လေးမျက်နှာ ၊ သာပေါင်း ၊ ရေကြည် သုံးမြို့နယ်မှာတော့ စစ်ဘေး ရှောင်နေရတဲ့ ကျေးရွာပေါင်း ၂၀ ဝန်းကျင်အထိ ရှိလာနေပြီ ဖြစ်ပါတယ်။
#ဧရာဝတီတိုင်း #လေးမျက်နှာမြို့နယ် #အိုင်သပြု #စစဘေးရှောင် #DeltaNewsAgency