ပုသိမ်-မုံရွာ ကားလမ်းအနီးကျေးရွာတွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲ

၂၃၊ မတ်

ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်အကြား ပုသိမ် – မုံရွာကားလမ်းအနီး ကျေးရွာတွေကို မေလ ၂၃ ရက် မနက် ၁၀ နာရီလောက်က တိုက်လေယာဉ်တွေ ၊ စက်တက်လေထီးတွေနဲ့ ဗုံးကျဲခဲ့တာ ဖြစ်ပါတယ်။

“စက်တပ်လေထီး ၂ စီး ၊ ဂျက်ဖိုက်တာ ၁ စီးနဲ့ ကျဲတာ။ အလုံးရေတော်တော်များတယ်။ ကျေးရွာတွေကတော့ ဒီတိုင်းဆိုရင်ပြောင်တော့မှာ” လို့ ဒေသခံတဦးက ပြောပါတယ်။ ချင်းလယ် ၊ ဝက်ကုန်း ၊ တုံးတော ၊ ကညင်တိုင် အစရှိတဲ့ကျေးရွာတွေ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာပါ။

ဒီကျေးရွာတွေမှာ အိမ်ခြေ ၁၅၀ နဲ့ ၂၀၀ ကြားအထိရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းထားပါတယ်။

လွန်ခဲ့ တဲ့ တစ်ပတ်လောက်ကတည်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒီဒေသမှာ ပျက်စီးမှုအတိုင်းအတာဘယ် လောက်ထိရှိတယ်ဆိုတာတော့ DNA အနေနဲ့ အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲပါ။

“ပုသိမ် – မုံရွာ ကားလမ်းအနီးက အရပ်သားပြည်သူတွေက စစ်ရှောင်သွားကြပြီ။ သူတို့ရွာတွေမှာ ဘာ ဖြစ်နေလဲဆိုတာတော့ အတည်ပြုလို့မရဘူး။ တစ်ချို့ဆိုရင် ရွာလုံးကျွတ်အဆက်အသွယ်ပျက်နေတာ” လို့ ငသိုင်းချောင်းမြို့ခံတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့ဘက်ကနေ ထိုးစင်ဆင်လာတဲ့ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေဟာ ပုသိမ် – မုံရွာလမ်းပိုင်းကို ဝင်ရောက်ပြီးတဲ့နောက် ရေကြည်မြို့နယ်ထဲက အမြှောက်တပ် ၃၄၄ ကို သိမ်းပိုက်မယ်လို့ သုံးသပ်ရပါတယ်။

“AA က ၃၄၄ နားရောက်လာတော့ ဒီကောင်တွေ အရမ်းကြောက်နေကြတာ” လို့ ဒေသခံတစ်ဦးက မှတ်ချက်ပြုပါ တယ်။ လက်ရှိတိုက်ပွဲတွေဖြစ်ပွားပြီး လေကြောင်းကနေ စစ်ကူပေးနေရတဲ့ တည်နေရာနဲ့ အမြှောက် တပ် ၃၄၄ ဟာ ၈ မိုင်ခန့်သာကွာဝေးပါတယ်။

လက်ရှိအချိန်မှာဆိုရင် အမြှောက်တပ် ၃၄၄ ဟာ တပ်ပတ်စည်းရိုးနားမှာ မြေတူးစက်တွေနဲ့ အနက် ၁၀ ပေ ၊ အကျယ် ၇ ပေလောက်ရှိ ကတုတ်ကျင်းမြောင်းတွေကို တူးဖော်ထားတဲ့အပြင် ဝါးချွန်တွေ ၊ မိုင်း ကွင်းတွေကိုပါ ပြင်ဆင်ထားတာ တွေ့မြင်ရတယ်လို့ ဒေသခံကပြောပါတယ်။

ဒါ့အပြင် ငသိုင်းချောင်း ရေနံသာစစ်ရေးဂိတ်ရဲ့ မြောက်ဘက် ၃ မိုင်အကွာမှာရှိတဲ့ လက်ပံပင်ရွာ မြေနီတောင်မှာ လက်နက်ကြီး နှစ်လက်ကို မတ်လ ၂၁ ရက်နေ့ညနေက စပြီးတပ်ဆင်ထားတယ်လို့လည်း သိရပါတယ်။

ပုံစာ – ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက မိတ္ထီလာတွင် ပြုလုပ်သော အခမ်းအနား၌ တိုက်လေယာဉ် တစ်စီးကို တက်ရောက်ကြည့်ရှုနေသည့် စစ်ခေါင်းဆောင်။
Photo – စစ်ကောင်စီ

#ဧရာဝတီတိုင်း #ရေကြည်မြို့နယ် #လေးမျက်နှာမြို့နယ် #ဗုံးကျဲ #DeltaNewsAgency