၂၃၊မတ်လ
ရေကြည်၊လေးမျက်နှာနဲ့ သာပေါင်းမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေ နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေကြရတာ သုံးထောင်ကနေ ငါးထောင်နီးပါးအထိ ရှိနိုင်တယ်လို့ ဧရာဝတီလူငယ်သမဂ္ဂ တာဝန်ခံက DNA ကိုပြောပါတယ်။
“ကိုယ့်အိမ်ကိုယာက စွန့်ခွာပြီး စစ်ရှောင်လာရတယ်ဆိုတဲ့ အနေအထားမှာ ရှင်းရှင်းပြောရရင် ဘာမှ မပြည့်အစုံတဲ့ အနေအထားဖြစ်တယ်။ ဆေးဝါးကအစ နှာစီး၊ခေါင်းကိုက်၊ချောင်းဆိုးဖြစ်ရင်တောင် သောက်စရာ ဆေးမရှိကြဘူး”လို့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေကို ဧရာဝတီလူငယ်သမဂ္ဂတာဝန်ခံက ရှင်းပြပါတယ်။
မတ်လ ၂၁ ရက်နေ့ ညနေအထိ DNA က စုံစမ်းသိရှိရသလောက် စစ်ကောင်စီက ဒရုန်းအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတဲ့ လေးမျက်နှာမြို့နယ်က လဲခုံကြီး၊ လဲခုံလေး၊ ဝတ်ကုန်း၊ တုန်းတော၊ ငါးပတ်စိန်၊ စမ်းကုန်း၊ ကျားခေါင်း၊ ရှားတောစု စတဲ့ရွာတွေက ဒေသခံတွေ စစ်ရှောင်နေကြရပါတယ်။
ဧရာဝတီလူငယ်သမဂ္ဂက ကောက်ယူထားတဲ့ စစ်တမ်းတွေအရ လေးမျက်နှာမြို့နယ်ထဲက ကျေးရွာတွေကနေ စစ်ရှောင်ပြည်သူ (၂,၂၇၅) ဦးရှိတယ်လို့ ဆိုပါတယ်။ လေးမျက်နှာ၊ သာပေါင်း၊ ရေကြည်မြို့နယ် သုံးခုမှာ ကျေးရွာပေါင်း ၂၀ ဝန်းကျင် စစ်ရှောင်နေရပေမယ့် မြေပြင်သတင်းရရှိနိုင်မှု ခက်ခဲနေတာကြောင့် အသေးစိတ် အခြေအနေတွေကို မသိရဘူးလို့ အဲ့ဒီမြို့နယ်တွေမှာ ရှိတဲ့ တော်လှန်ရေး အင်အားစုတွေက DNA ကိုပြောပါတယ်။ “ ကျွန်တော်တို့လည်း မြေပြင်နဲ့ချိတ်ဆက်မိနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ အခြေအနေ တိတိကျကျ သိရဖို့က မြေပြင်ကလူတွေပြောတာက အမှန်ဆုံးဖြစ်မှာမို့ပါ ” လို့ ရေကြည်မြို့နယ်က UG လှုပ်ရှားသူတဦးက DNA ကိုပြောပါတယ် ။
အခြေအနေတွေအရ မြေပြင်နဲ့တိုက်ရိုက်ချိတ်ဆက်နိုင်မှုအားနည်းနေတာကြောင့် ရေကြည်၊ ငသိုင်းချောင်းနယ်ထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအကြောင်းတွေကိုလည်း သေသေချာချာ မသိရဘူးလို့ သူက ပြောပါတယ်။ သာပေါင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်ထဲက ကျေးရွာပေါင်း ၁၀ ရွာကျော်ဟာလည်း အမတ (၃၄၄)ရဲ့ လက်နက်ကြီး ပစ်ခတ်မှုအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်နေကြရတဲ့ အနေအထားပါ။
“ ကျွန်တော်တို့တွေက သတင်းကို အဆင့်ဆင့်ယူနေရတော့ ဒီအချက်အလက်က တကယ်အမှန်ဟုတ်ရဲ့လား ဆိုတာကို စိစစ်နိုင်မှု အားနည်းတော့ ထုတ်ပြန်ဖို့ကို တွန့်ဆုတ်ရတာပေါ့ ” လို့ နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်တဦးက ဆိုပါတယ်။
ရေကြည်မြို့နယ်ထဲမှာ ကျေးရွာပေါင်း ၅၄၈ ရွာရှိပြီး မနေ့ကအထိ ကျားကိုက်၊ စက်စက်ယို၊ ကက္ကူကြီးရွာ၊ ဆင်ကနီခုံရွာ၊ ၁၉မိုင်၊ ရှမ်းတဲ၊ ကျောက်တိုင်ကွင်း၊ ကွင်းကလေး၊ ချင်းလယ်၊ ကညင်တိုင်း စတဲ့ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
စစ်ဖြစ်ပွားနေတဲ့ ဧရိယာအတွင်းက ကျေးရွာတွေကနေ ဘေးလွတ်ရာရှောင်နေရတဲ့ ဒေသခံပြည်သူ (၁,၂၀၀)ကျော် ရှိလိမ့်မယ်လို့ ဧရာဝတီလူငယ်များသမဂ္ဂကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ရှောင်တွေဟာ ရိုးမပေါ်မှာ အစုလိုက်ပုန်းအောင်ကြတာနဲ့ ၊ နီးစပ်ရာကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ ရခိုင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့သူတွေကို စစ်ကောင်စီဂိတ်တွေက ဖြတ်သန်းတိမ်းရှောင်ခွင့်မပြုပဲ တိုက်ပွဲဖြစ်နေတဲ့ ဘက်ကိုပြန်လွှတ်တာတွေရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။