Photo Credit – Thiha
ဇန်နဝါရီ၊ ၂၇
ဧရာဝတီတိုင်းအတွင်း ဒေသတချို့မှာတိုက်ပွဲတွေရှိလာပြီး ပုသိမ်မြို့ပေါ်ကို စစ်ဘေးရှောင်လာကြသူတွေ ဆက်တိုက်ရှိလာတဲ့နောက် အိမ်ငှားခတွေမြင့်တက်တာ၊စစ်ကောင်စီရဲ့ ဒေသအာဏာပိုင်တွေက အိမ်ခန်းပိုင်ရှင်တွေကို ဖိအားပေးထားတာနဲ့ အိမ်ခန်းငှားရမ်းလိုသူများလာတာတွေကြောင့် ပုသိမ်မြို့ပေါ်ရောက်စစ်ရှောင်တွေ အိမ်ငှားဖို့ အခက်ကြုံနေကြတယ်လို့ သိရပါတယ်။
“ငှားဖို့အိမ်တောင် မကျန်တော့တာက ဟုတ်တယ်၊ ပုသိမ်မှာ အိမ်တွေက လူတွေပြည့်နေကြပြီ”လို့ ပုသိမ်မြို့ခံ တဦးက DNA ကို ပြောပါတယ်။
ရခိုင်-ဧရာဝတီအစပ်ရှိ ပုသိမ်မြို့နယ်ထဲက မကျီးဇင်၊ ဘောမိဘက်မှာ အခုလ အစောပိုင်းကတည်းက အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် အဲဒီတဝိုက်က ဒေသခံတွေဟာ ရွှေသောင်ယံကနေတဆင့် ပုသိမ်မြို့ပေါ်ကို လာရောက်တိမ်းရှောင်နေကြတာပါ။
ဒါ့အပြင် ဇန်နဝါရီ ၁၉ ရက်နေ့လောက်မှာ ဘောမိရွာကို AA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နောက်မှာတော့ တိုက်ပွဲတွေ ရှေ့ဆက်တိုးလာမှာ စိုးရိမ်လို့ ရွှေသောင်ယံမြို့နဲ့ အနီးတဝိုက်ရွာက ဒေသခံအ များစုနဲ့ ချောင်းသာ၊ ငွေဆောင်တို့က ဒေသခံတချို့ပါ ပုသိမ်မှာ လာရောက်တိမ်းရှောင်နေလို့ အခုရက်ပိုင်းအတွင်း စစ်ရှောင်ဦးရေ ပိုမိုများပြားလာတဲ့အခြေအနေဖြစ်ပါတယ်။
အခုလို ပုသိမ်ကို လာရောက်တိမ်းရှောင်နေသူတွေထဲက ဆွေမျိုးမတော်စပ်တဲ့သူတွေကို လက်မခံဖို့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အိမ်ခန်းပိုင်ရှင်တွေကို ဖိအားပေးတာတွေလည်းရှိနေလို့ အိမ်ငှားဖို့ ပိုအခက်ကြုံရတယ်လို့လည်း ဆိုကြပါတယ်။
“အိမ်ငှားခတွေတက်တယ်၊ အမျိုးမဟုတ်ရင် လက်မခံတာလည်းဟုတ်တယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လက်မခံခိုင်းဘူး”လို့ ရွှေသောင်ယံကနေ ပုသိမ်မှာ လာရောက်တိမ်းရှောင်နေရတဲ့ အမျိုးသမီးတဦးက ပြောပြပါတယ်။
အဲဒီလို အိမ်ငှားဖို့ အခက်ကြုံနေရသူတွေကတော့ ဘုန်းကြီးကျောင်းတွေမှာပဲ နေထိုင်နေကြတယ်လို့လည်း သူက ဆိုပါတယ်။
ပုသိမ်မြို့ပေါ် အိမ်ငှားစျေးကွက်မှာတော့ ပုံမှန်အားဖြင့် လုံးချင်းတိုက်အိမ်တွေအနေနဲ့ နှစ်သိန်းကနေ လေးသိန်း အထိ စျေးပေါက်ပြီး အခုလ တတိယပတ်လောက်မှာပုံမှန်ပေါက်ဈေးထက် ကျပ်သောင်းဂဏန်းလောက် မြင့်တက်ခဲ့သလို လက်ရှိမှာလည်း အဲ့ဒီထက်ပိုပြီးမြင့်တက်လာနေတယ်လို့ ဒေသခံတွေနဲ့စစ်ရှောင်တွေက ပြောပါ တယ်။