ဇန်နဝါရီ၊ ၁၈
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ် ကျေးရွာအချို့မှာတိုက်ပွဲတွေဖြစ်ပွားလာတဲ့နောက်ပိုင်း ပုသိမ်မြို့ပေါ်မှာ အိမ်ငှားရမ်းတဲ့လုပ်ငန်းတွေ တွင်ကျယ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အစွန်ဆုံး ဂွမြို့ကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်လိုက်ပြီးနောက် ရခိုင်နဲ့ ဧရာဝတီအစပ်ဖြစ်တဲ့ ပုသိမ်မြို့နယ်ထဲက ချောင်းဝချိုင်၊ ပေါက်လှချိုင်၊ ကုလားချောင်း၊ ပေါက်တူးကွင်း၊ မကျီးဇင် စတဲ့ကျေးရွာတွေဘက်မှာ ဇန်နဝါရီ ၆ ရက်လောက်ကတည်းက စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တွေကြား နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။
တိုက်ပွဲတွေဖြစ်ပွားလာပြီးနောက်မှာ အဲဒီဒေသတွေက ပြည်သူတွေက ပုသိမ်၊ရွှေသောင်ယံအပါအဝင် ဘေးကင်းမယ်ယူဆတဲ့နေရာတွေကို တိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာဆိုရင်လည်း ဂျိုင်လယ်ရွာကဒေသခံတွေပုသိမ်မြို့ပေါ်အများဆုံးရွှေ့ပြောင်းလာတာတွေ့မြင်ရတယ်လို့ မြို့ခံ တစ်ဦးကပြောပါတယ်။ ဂျိုင်းလယ်ရွာဆိုတာကအာရက္ခတပ်တော် (AA) ထိုးစစ်ဆင်ခဲ့တဲ့ မကျီးဇင်ကျေးရွာနဲ့ ဘောမိကျေးရွာကြားမှာတည်ရှိတာပါ။
လက်ရှိပုသိမ်မြို့ပေါ်မှာရှိတဲ့ အိမ်ငှားခဈေးနှုန်းတွေကတော့ တစ်လကို ၂ သိန်းကျပ်ကနေ ၄ သိန်းကျပ်လောက်အထိရှိနေ ပါတယ်။
“အိမ်ငှားခဈေးနှုန်းတွေက အရမ်းမတက်ပါဘူး။ အရင်ထက်စာရင်တော့ ၂ သောင်းလောက်တော့တက် တယ်” လို့မြို့ခံက ပြောပါတယ်။
စစ်ဘေးရှောင်တွေကြောင့် ပုသိမ်မြို့ပေါ်မှာ အိမ်ငှားရမ်းတဲ့ဈေးကွက် တွင်ကျယ်လာပေမယ့်လည်း အိမ်ရှာဖွေငှား ရမ်းတဲ့အခါမှာတော့ အခက်အခဲမရှိဘဲ လွယ်ကူတယ်လို့ ရွှေသောင်ယံမြို့ကနေ ပုသိမ်မြို့ပေါ်ကို ရုံးခန်းပြောင်းရွှေ့ ဖွင့်လှစ်ထားတဲ့ INGO ဝန်ထမ်းတဦးက ပြောပါတယ်။
“အိမ်ငှားဈေးကွက်က ရောင်းလိုအားနဲ့ ဝယ်လိုအားမျှသလိုရှိတယ်။ ပုသိမ်ဆိုတာကလည်း တက္ကသိုလ်ရှိတော့ အနယ်နယ်အရပ်က လာတဲ့ကျောင်းသားတွေကိုတောင် နေရာထိုင်ခင်းပေးနိုင်တဲ့အနေအထားရှိခဲ့တာကိုး” လို့ ပုသိမ်မြို့ခံက ဆိုပါတယ်။
ပုသိမ်မြို့ပေါ်မှာဆိုရင် ဇန်နဝါရီလပထမအပတ်လောက်က ရွှေသောင်ယံမြို့ကနေ စစ်ရှောင်လာတဲ့ ပြည်သူတွေကို တွေ့မြင်ရပေမယ့်လည်း လက်ရှိအချိန်မှာတော့ ဒေသခံတချို့ပြန်လည်ပြောင်းရွှေ့သွားကြပြီလို့လည်းသူကဆက် ပြောပါတယ်။
ဒါ့အပြင် လက်ရှိ စစ်ရေးတင်းမာနေတဲ့ ဘောမိကျေးရွာဟာ ရွှေသောင်ယံမြို့နဲ့ မိုင်နှစ်ဆယ်လောက်သာ ကွာဝေးပြီး ကုန်း လမ်း၊ ရေးလမ်း နှစ်ခုစလုံး အသုံးပြုပြီး သွားလာကြရတာပါ။
စစ်ကောင်စီတပ်က အင်အားရာချီ စစ်ကူပို့ထားတဲ့ ဘောမိရွာမှာ ဇန်နဝါရီ ၁၆ရက် ကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့နောက် အဲ့ဒီဒေသအခြေစိုက် စစ်ကောင်စီတပ်တချို့ ရွှေသောင်ယံမြို့ဘက်ကို တပ်ပြန်ဆုတ်နေကြတယ်လို့လည်းဒေသခံတွေက DNAကိုပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၁၈ ရက်၊ မနက်ပိုင်းမှာတော့ ဘောမိဘက် ပစ်ခတ်သံတွေမကြားရတော့ပေမယ့် လေယာဥ်ပျံဝဲ တာတွေတော့ ရှိနေတယ်လို့ သိရပါတယ်။