
ဇန်နဝါရီ၊ ၆
အာရက္ခတပ်တော် AA က ဧရာဝတီတိုင်းနဲ့ထိစပ်နေတဲ့ ရခိုင်ဒေသတွေကိုပါ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့နောက် ဧရာဝတီတိုင်းအတွင်း စစ်ရေးတင်းမာမှုတွေပိုမိုကျယ်ပြန့်လာနိုင်ကြောင်း သုံးသပ်မှုတွေရှိနေသလို စစ်ကောင်စီကလည်း ဒေသတွင်းစစ်ရေးပြင်ဆင်မှုတွေလုပ်လာနေတာကြောင့် ဆောင်းသီးနှံနဲ့နွေစပါးစိုက်ပျိုးမှုလျော့ချတာတွေရှိနေတယ်လို့ ဧရာဝတီဒေသခံ တောင်သူတွေက DNAကိုပြောပါတယ်။
“အဓိကက စစ်ကြောင့်ပေါ့၊ပူပန်နေရတာလေ၊နောက်တခုက ကျွန်တော်တို့က စပါးစိုက်တာ ပဲစိုက်တာတွေက အရင်းကို အကြွေးနဲ့ ခေါက်ပြန်လိုမျိုးစိုက်ကြရတာဆိုတော့ တကယ်လို့များ တခုခုဖြစ်သွားရင်ဆိုတဲ့ စိတ်နဲ့ လက်နိုင်ခြေနိုင်လေးပဲ စိုက်တဲ့သဘောပေါ့၊ ကျွန်တော့်လိုပဲ တွေးတဲ့သူတွေလည်းရှိသလို စိုက်မှဖြစ်မယ်ဆိုပြီး အရင်လိုပဲစိုက်နေတဲ့သူတွေလည်းရှိပါတယ်၊ဒါပေမယ့် ပုံမှန်လိုမျိုးမဟုတ်တာတော့ အမှန်ပါပဲ”လို့ အင်္ဂပူဒေသခံ တောင်သူတဦးကပြောပါတယ်။
အရင်နှစ်တွေတုန်းက ဆောင်းသီးနှံအဖြစ် လယ် ၁၀ဧကကျော်လောက်ပုံမှန်စိုက်ပျိုးလေ့ရှိပေမဲ့ အခုနှစ်မှာတော့ ဒေသတွင်း စစ်ရေးလှုပ်ခတ်မှုသတင်းတွေကြောင့် လယ် ၄ဧကသာ စိုက်ပျိုးထားတယ်လို့လည်း သူကပြောပါတယ်။
လက်ရှိ ဒေသတွင်း စစ်ရေးတင်းမာမှုတွေပေါ်ပေါက်မလာခင်ကတည်းက ၂၀၂၁အာဏာသိမ်း မှုနောက်ဆက် တွဲဂယက်ဖြစ်တဲ့ မြေဩဇာနဲ့စက်သုံးဆီဈေးမြင့်လာတာအပါအဝင် စိုက်ပျိုးစရိတ် အဆမတန်မြင့် တက်လာမှုကြောင့် ဧရာဝတီတိုင်းမှာ ကောက်ပဲသီးနှံစိုက်ပျိုးမှုလျော့ကျလာတာတွေရှိနေတယ်လို့ ဒေသခံတောင်သူတွေကပြောကြပါတယ်။
မြန်အောင်ခရိုင် ကြံခင်းမြို့နယ်ထဲက တောင်သူတဦးကတော့ ရခိုင်ရိုးမသာခြားပြီး နယ်မြေချင်းထိစပ်နေတဲ့ ရခိုင်ပြည်နယ်ဘက်ကတိုက်ပွဲတွေနဲ့စစ်ရေးတင်းမာမှုတွေကူးစက်လာနိုင်တဲ့ အခြေ အနေကြောင့် ဒေသခံတောင်သူတွေအနေနဲ့ နွေစပါးစိုက်ပျိုးဖို့ စိုးရိမ်နေကြရတဲ့အခြေအနေလို့ ပြောပါတယ်။
“စစ်ကြောင့်လည်းပါတယ်၊ပြီးခဲ့တဲ့လကတည်းက စိုက်မယ်ဆိုရင် စိုက်ရတော့မှာ၊ဒါပေမဲ့ သတင်းတွေက တောက်လျှောက်ပြင်းနေတော့ အိမ်ကလည်း မစိုက်ပါနဲ့တော့ဆိုတာနဲ့ထားလိုက်တာ၊ကျွန်တော်ကတော့ စိုက်ချင်တယ်၊တကယ်စစ်ဖြစ်ရင် စိုက်ပျိုးထားတာတွေမရှိရင် ပိုခက်သွားနိုင်တယ်” လို့ ကြံခင်းမြို့နယ်ထဲက ကျေးရွာတခုမှာ မိဘတွေနဲ့အတူ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်နေတဲ့ အသက် ၃၅ နှစ်အရွယ် အထက်ပါအမျိုးသားက DNA ကိုပြောပါတယ်။
မတ်ပဲ၊ ပဲတီစိမ်းနဲ့ နွေစပါးလို့ခေါ်တဲ့ မုရင်းစပါးကို ပုံမှန်အားဖြင့် ဆောင်းရာသီအလယ်လောက်မှာ စိုက်ပျိုးကြတာဖြစ်ပေမဲ့ ဧရာဝတီတိုင်းမှာ အခုအချိန်အထိ မစိုက်ပျိုးရသေးတဲ့ တောင်သူ တွေရှိနေကြတယ်လို့သိရပါတယ်။
နွေစပါးအတွက် အဓိကလိုအပ်ချက်က ရေဖြစ်ပြီး ရေရရှိဖို့အတွက် ဆည်/မြောင်း ဆီကနေတောင်းခံရတာတွေ ရှိသလို မကြာခဏသွားရောက် ကြည့်ရှုစောင့်ရှောက်ဖို့လည်း လိုအပ်တာကြောင့် စစ်ရေးအရ တင်းမာမှုတွေဖြစ်လာရင် ဆုံးရှုံးမှုတွေဖြစ်လာမှာ စိုးရိမ်တာကြောင့်လို့ သူက ရှင်းပြပါတယ်။
မတ်ပဲနဲ့ ပဲတီစိမ်းကတော့ ဈေးကွက်ရှိသလောက် စိုက်ပျိုးချိန်မှာလည်း ရင်းနှီးရတာပိုများတာကြောင့် ရိတ်သိမ်းချိန်မှာ မရိတ်သိမ်းနိုင်ဖြစ်မှာကို စိုးရိမ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
မြန်အောင်မြို့ပေါ်က စိုက်ပျိုးရေးသုံးပစ္စည်းရောင်းချတဲ့ ဆိုင်အနီးမှာနေထိုင်တဲ့ မသီရိက “ ဒီအချိန်က အပင်တွေ အတွက် ပေါင်းသတ်ရမယ် ပိုးသတ်ရမယ် အဲ့ဆေးတွေလိုတယ် အရင်ကဆိုရင် ဒီအချိန် အဲ့ဒီဆိုင်တွေမှာ လူတွေ ဖွေးနေရောပဲ ဒိုင်တွေဆိုပိုဆိုး။ အခုက လူတွေတော့တွေ့တယ် အရင်ကလိုတော့ မများဘူး ” လို့ ဆိုပါတယ်။
ဧရာဝတီဒေသခံ တောင်သူတွေအနေနဲ့ ပုံမှန်အားဖြင့် မိုးရာသီအကုန် စပါးသိမ်းပြီးချိန်မှာ ဈေးပိုကောင်းတဲ့ မတ်ပဲနဲ့ ပဲတီစိမ်းတွေကို စိုက်ပျိုးကြလေ့ရှိကြပြီး လတ်တလောနှစ်ပိုင်းတွေမှာ နွေစပါးကိုပိုစိုက်ပျိုးလာကြပေမဲ့ ဒီနှစ်မှာတော့ ပဲရော၊ စပါးပါ စိုက်ပျိုးနူန်းကျသွားခဲ့တာ ဖြစ်တယ်လို့ DNA က ဆက်သွယ်မေးမြန်းခဲ့သူတွေက ဖြေကြားကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄နှစ်လယ် မိုးရာသီ စိုက်ပျိုးကာလအတွင်း ဧရာဝတီတိုင်းမှာ ရေကြီး၊နစ်မြုပ်မှုတွေကြောင့် မိုးစပါး စိုက်ပျိုးဧက ရှစ်ဆယ်ရာခိုင်နှုန်းလောက်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေးဦး စီးဌာန ရဲ့အချက်အလက်တွေအရသိရပါတယ်။
ဒါ့အပြင် အခုနှစ် ဆောင်းရာသီစိုက်ပျိုးကာလမှာလည်း စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းကတောင်သူတွေ ကို နေကြာ ဧကထောင်ချီမဖြစ်မနေ စိုက်ပျိုးဖို့ ဖိအားပေးစေခိုင်းထားတာမျိုးတွေလည်းရှိနေပါတယ်။
ဌာနဆိုင်ရာမှတ်တမ်းအချက်အလက်တွေအရ ဧရာဝတီတိုင်းမှာအသားတင်စိုက်ပျိုးမြေဧက ၄၈သိန်းကျော်ရှိပြီး နှစ်စဉ်နွေစပါးစိုက်ပျိုးမြေ ဧက ၁၄သိန်းဝန်းကျင်လောက်ရှိတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့နှစ် မိုးစပါးရာသီအတွင်း ရာဂီမုန်တိုင်းအပါအဝင် နိုင်ငံတဝန်းရေကြီးရေလျှံမှုတွေကြောင့် စပါးစိုက်ဧက အများအပြားပျက်စီးခဲ့ရတဲ့နောက် ဧရာဝတီ၊ပဲခူး၊ရန်ကုန်နဲ့ မန္တလေးတိုင်းတို့မှာနွေစပါး ဧက နှစ်သန်းခွဲကျော် အ ထိ တိုးချဲ့စိုက်ပျိုးဖို့ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကပြောထားပါတယ်။