
ဒီဇင်ဘာ၊ ၂၇
ချင်းပြည်နယ် မင်းတပ်မြို့ကို ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် မင်းတပ်မြို့ အခြေစိုက် ခလရ ၂၇၄ ကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ဦးနဲ့ မိသားစုဝင်သားအမိနှစ်ဦးကို မကွေးတိုင်းယောဒေသအခြေစိုက် တော်လှန်ရေးတပ်တွေက ဖမ်းဆီးလိုက်ပါတယ်။
စစ်ရှုံးပြီး စခန်းစွန့်ထွက်ပြေးလာတဲ့ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တချို့ကို အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံဗျူဟာအမှတ် ၈၁- ယောဗျူဟာ လှုပ်ရှားနယ်မြေအတွင်း ဖမ်းမိခဲ့တာလို့ ယောဗျူဟာ တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။
“ကျွန်တော်တို့ယောဗျူဟာရဲ့ စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီးခဲ့တာပါ၊စစ်ဒေသရဲ့လမ်းညွှန်မှုအတိုင်း ဆက်လက် ဆောင်ရွက်သွားဖို့ရှိပါတယ်”လို့ သူကပြောပါတယ်။
ဖမ်းမိသူတွေထဲ စစ်ကောင်စီတပ်က ဒုတပ်ကြပ်နဲ့ တပ်သားအဆင့်ရှိသူတွေနဲ့ တပ်မိသားစုဝင် အမျိုးသမီးတဦး၊ ကလေးတဦးပါဝင်ပြီး သူတို့ကို ဘယ်နေရာမှာဖမ်းမိတယ်ဆိုတာကိုတော့ အသေးစိတ်မသိရပါဘူး။
ချင်းပြည်နယ် မင်းတပ်မြို့နယ်ဟာ မကွေးတိုင်း ယော၊ဆောဒေသတွေနဲ့ ကျောက်ထု၊ထီးလင်းစတဲ့ ဒေသတွေနဲ့ နယ်မြေချင်းထိစပ်နေတဲ့ မြို့နယ်ဖြစ်ပါတယ်။မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ ခလရ ၂၇၄ကို CDF-Mindat ပါဝင်တဲ့ ချင်းညီနောင်မဟာမိတ်တပ်တွေက ဒီဇင်ဘာ ၂၁ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။