လေးကေ့ကော် အမြောက်ကုန်းစခန်းသိမ်းပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

Photo – တောင်ပိုင်းစစ်ဒေသ

အောက်တိုဘာ၊ ၁၉

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီးက နောက်ဆုံးလက်ကျန်စစ်ကောင်စီစခန်းဖြစ်တဲ့ စွယ်တော်ကုန်း(အမြောက်ကုန်း)ကိုသိမ်းပိုက်ခဲ့တဲ့တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ NUG ရဲ့တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။

လေးလလောက်ဝန်းရံပိတ်ဆို့ခဲ့ပြီးနောက် အောက် တိုဘာ ၁၈ရက်က စခန်းသိမ်းတိုက်ပွဲဆင်နွှဲရာမှာ စစ် ကောင်စီဘက်က လေးဦးသေဆုံး၊၁၄ဦးဒဏ်ရာရပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်ကတော့ တဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီ အမြောက်ကုန်းကနေ ၁၂၀မမ စိန်ပြောင်းနှစ်လက်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ ၁၂၀မမကျည် နှစ်ဒါဇင်၊၆၀မမ အထိုင်တခုနဲ့ ကျည် ၃၆လုံး၊လက်နက် ငယ် နှစ်ဆယ်ကျော်၊လက်နက်ငယ်ကျည်မျိုးစုံ ၄၅၀၀နဲ့ တခြားစစ်အသုံးအဆောင်တွေသိမ်းဆည်းရရှိတယ်လို့ တောင်ပိုင်းစစ်ဒေသကဖော်ပြပါတယ်။

သိမ်းဆည်းရမိတဲ့လက်နက်ငယ်တွေထဲက တချို့ကတော့ပျက်စီးနေတယ်လို့လည်းအသိပေးထားပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသလက်အောက်ခံ တပ်ဖွဲ့တွေ၊ကော်ဘရာစစ်ကြောင်းအပါအဝင် KNLAနဲ့ တောင်ပိုင်းဒေသအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေ၊ဒရုန်းတပ်ဖွဲ့တွေပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့ KNU နဲ့ ပြည်နယ်အစိုးရတို့ ၂၀၁၅ ခုနှစ်က စတင်တည် ဆောက်ခဲ့တဲ့ လေးကေကော် မြို့သစ်မှာ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အဲ့ဒီနှစ်ကုန်ပိုင်းမှာ စစ်ကောင်စီတပ်တွေ မြို့ထဲ ဝင်ရောက်ဖမ်းဆီးမှုတွေလုပ်လာတဲ့နောက် နှစ်ဖက်တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီအချိန်ကတည်းက ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြရသလို လေးကေကော်ဒေသကိုလည်း စစ်ကောင်စီက ထိန်းချုပ်ခဲ့ပါတယ်။ အခုနှစ် ဧပြီလအတွင်း မြဝတီမြို့တဝိုက် မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲတွေရှိ လာ တဲ့နောက် လေးကေကော်ကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်တွေပြန်လည်အခြေချထိန်းချုပ်ဖို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။