စစ်ကောင်စီကရခိုင်မှာ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ၊ နှစ်ရက်အတွင်း အရပ်သားဆယ့်ငါးဦးနဲ့အထက် သေဆုံး

Photo- ABN
ပုံစာ-ပုဏ္ဏားကျွန်းမြို့နယ်မှာဒီကနေ့မနက်အစောပိုင်းကစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်

အောက်တိုဘာ၊ ၈

အာရက္ခတပ်တော်(AA)က နယ်မြေအများစုသိမ်းပိုက်ထားတဲ့ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူတွေ ဆက်တိုက်ပြုလုပ်လာနေပြီး အရပ်သားထိခိုက်သေဆုံးမူတွေတိုးမြှင့်လာနေပါတယ်။

မနေ့ကအောက်တိုဘာလ၇ရက်နဲ့ ဒီကနေ့အောက်တိုဘာ၈ရက်နှစ်ရက်တာအတွင်းမှာပဲ စစ်ကောင်စီက မြို့နယ်လေးခုမှာ လေကြောင်းတိုက်ခိုက်မူ ၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့  DNAရဲ့စောင့်ကြည့်မှု အချက်အလက်တွေအရ သိရပါတယ်။ ဒါ့အပြင် အဲဒီလေကြောင်းတိုက်ခိုက်မူတွေအတွင်း ကလေးသူငယ်နဲ့အမျိုးသမီးတွေအပါအဝင် အရပ်သား၁၅ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၀ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။

မနေ့က အောက်တိုဘာ၇ရက် ည ၁၁နာရီကျော်မှာတောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့ကို စစ်ကောင်စီက  လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၃ဦးထက်မနည်းသေဆုံးခဲ့ပြီး ၆ ဦးလောက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တဦးက DNAကိုပြောပါတယ်။

“ရွာသစ်စျေးနားကျတာ၊ သေတာအတိအကျကမသိရသေး၊ ဆယ့်သုံးဦးတော့ကြားပါတယ်”လို့သူကဆိုပါတယ်။

ဒါ့အပြင်ထိခိုက်သေဆုံးသူ အရေအတွက်က တိုးပွားလာနိုင်တယ်လို့လည်း သတင်းရင်းမြစ်ကပြောပါတယ်။

တန်းလွဲရွာမမြို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်ကလည်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဒါ့အပြင်မနေ့ကအောက်တိုဘာလ ၇ ရက်နေ့ ကမောင်တောမြို့နယ် ခရေမြိုင်ကျေးရွာကို

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသား ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်းဒဏ်ရာရသွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တဦးကပြောပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၈ ရက် နံနက်အစောပိုင်းမှာလည်းစစ်တွေမြို့နယ် မင်းလှရွာ၊ဝါဘိုကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ် မြောင်ကြီးကျေးရွာတို့ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးစောင့်ကြည့်သူအချို့ကဆိုပါတယ်။ အဲဒီတိုက်ခိုက်မူတွေမှာ ထိခိုက်မူရှိမရှိကိုတော့ DNAကစုံစမ်းနေဆဲဖြစ်ပါတယ်။

“တပ်တော်ရှိတယ်ဆိုပြီးဗုံးကျဲနေတာ၊ အရပ်သားပါမရှောင်တော့တာ:လို့ စစ်တွေဒေသခံတဦးကမှတ်ချက်ပြုပါတယ်။

အာရက္ခတပ်တော်(AA)ကလည်းစစ်ရေးအရ အရေးနိမ့်နေတဲ့စစ်ကောင်စီကရှုံးမဲမဲကာ အရပ်သားပြည်သူ လူထုကိုလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်တာကို ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ်  ပြစ်မှုကျူးလွန်ခြင်းတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ထုတ်ပြန်ထားပါတယ်။

ရခိုင်တကျော့ပြန်တိုက်ပွဲ စတင်ခဲ့တဲ့ ၂၀၂၃ နို၀င်ဘာ ၁၃ ကနေ အခုနှစ် မေလ ၁၃ ရက်အထိ ခြောက်လတာအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့်  သေဆုံးရသူ ၂၆၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဦး ရှိခဲ့တယ်လို့AAရဲ့လူ သားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO) ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

တကျော့ပြန်တိုက်ပွဲ တနှစ်နီးပါးကာလမှာ AAကရခိုင်ပြည်နယ်၁၇မြို့နယ်အနက် ၁၀မြို့နယ်နဲ့ ချင်းတောင်ပိုင်းပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။