သံတွဲမှာ စစ်တပ်လေကြောင်းဗုံးကြဲလို့ မိသားစုဝင် သုံးဦးသေ၊ သုံးဦး ဒဏ်ရာရ

Photo Credit – APM

စက်တင်ဘာ၊ ၂၃

အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားတဲ့ သံတွဲမြို့နယ်အတွင်းက ပေါက်တူးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တဦးအပါအ၀င် မိသားစု၀င် သုံးဦး သေဆုံးခဲ့ပြီး နောက်ထပ်သုံးဦးမှာလည်း ပြင်းထန်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က စက်တင်ဘာလ ၂၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီဟာ ဂျက်ဖိုက်တာတစီးနဲ့ ရွာထဲဗုံးကြဲချခဲ့တာဖြစ်ပြီး လူနေအိမ်ထဲ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ပေါင်ငါးရာတလုံး အိမ်တည့်တည့်ကျတယ်၊ သေတဲ့သုံးယောက်လုံး တမိသားစုတည်း၊ ဒဏ်ရာရတာလည်း ဘေးနားကလူတွေ”လို့ ဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

လေကြောင်းဗုံးကြဲလို့ သေဆုံးသွားသူတွေထဲမှာ အသက် ကိုးနှစ်အရွယ် ကလေးငယ်တဦးပါ၀င်ပြီး ဒဏ်ရာရသူတွေထဲမှာလည်း တဆယ့်ငါးနှစ်အရွယ်တဦး ပါ၀င်ပါတယ်။

အဲဒီလေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတဲ့အပြင် နေအိမ်အချို့လည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းဗုံးကြဲလို့ ဒဏ်ရာရသွားသူတွေကို နီးစပ်ရာ ဆေးပေးခန်းတွေမှာ ကုသပေးနေပြီး ဆေးဝါးပြည့်စုံမှုမရှိတာ၊ ဒဏ်ရာပြင်းတာတို့ကြောင့် စိုးရိမ်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ပေါက်တူးရွာနဲ့ အနီး၀န်းကျင်တွေကို လေကြောင်းဗုံးကြဲခဲ့ပြီး ပေါက်တူးရွာသား နှစ်ဦး သေဆုံးကာ ခုနှစ်ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

“လေယာဉ်က သေမင်းပဲ၊ လေယာဉ်လာမှာ စိုးရိမ်နေရတယ်၊ ကျလာရင် သေပြီ၊ အချိန်တိုင်း လန့်နေတယ်၊ နေရထိုင်ရတဲ့ ဘ၀တွေက မလုံခြုံဘူး”လို့ သံတွဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

ပေါက်တူးရွာဟာ သံတွဲမြို့နဲ့ မိုင်နှစ်ဆယ်၀န်းကျင်အကွာ သံတွဲချောင်းဖျားမှာ တည်ရှိတာဖြစ်ပြီး တိုက်ပွဲတစုံတရာမရှိခဲ့တဲ့ ဒေသဖြစ်တယ်လို့ ဆိုကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ဆယ်ခုကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ AA သိမ်းပိုက်ထားတဲ့မြို့နယ်တွေအတွင်းရှိ လူနေကျေးရွာတွေ၊ ဆေးခန်း စာသင်ကျောင်းတွေအပါအ၀င် အရပ်ဖက်နေရာတွေကို လေကြောင်းဗုံးကြဲတာတွေ မကြာခဏ လုပ်နေတာပါ။

ရခိုင်ဒေသမှာတိုက်ပွဲတွေ စခဲ့တဲ့ ၂၀၂၃ နို၀င်ဘာ ၁၃ ကနေ အခုနှစ် မေလ ၁၃ ရက်အထိ ခြောက်လတာအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့်  သေဆုံးရသူ ၂၆၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဦး ရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)လက်အောက်ခံ လူ သားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO) ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။