ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေ အသုံးပြုတဲ့ ဆက်သွယ်ရေး ကိရိယာတွေ နှစ်ရက်ဆက်တိုက် ပေါက်ကွဲမှုတွေဖြစ်

စက်တင်ဘာ၊ ၁၉

လက်ဘနွန် နိုင်ငံမှာ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေ အဓိက အသုံးပြုတဲ့ လက်ကိုင် ဆက်သွယ်ရေး ကိရိယာတွေ နှစ်ရက်ဆက်တိုက် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့တုန်းက ဟစ်ဇ်ဘိုလာတွေရဲ့ လက်ကိုင် လမ်းလျှောက် စကားပြောစက် (ဝေါ်ကီတော်ကီ)တွေ နေရာအနှံ့မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ အဲဒီ စနစ်တကျ ကြိုတင် ပြင်ဆင်ထားတဲ့ တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား အများစု အပါအဝင် လက်ဘနွန်မှာ လူ ၂၀ ထက်မနည်း သေဆုံးပြီး ၄၅၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

အဲဒီ မတိုင်ခင် တရက်ကလည်း ဟစ်ဇ်ဘိုလာတွေ အဓိက အသုံးများတဲ့ လက်ကိုင် စာတိုပို့ ကိရိယာ pagerတွေဟာ လက်ဘနွန်နဲ့ ဆီးရီးယားမှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၁၂ ဦး အနည်းဆုံး သေဆုံးသလို ထောင်နဲ့ချီ ဒဏ်ရာတွေ ရခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတွေက အဲဒီ ပေါက်ကွဲမှုတွေ အားလုံးဟာ အစ္စရေးရဲ့ လက်ချက်လို့ စွပ်စွဲခဲ့ပါတယ်။ အစ္စရေးဟာ ဟစ်ဇ်ဘိုလာတွေ ပြည်ပကနေ မှာယူတင်သွင်းတဲ့ ဆက်သွယ်ရေး ကိရိယာတွေကို တနည်းတဖုံ ကြားဖြတ်ယူပြီး အဝေးထိန်း စနစ်နဲ့ ဖောက်ခွဲနိုင်မယ့် ထောင်ချောက်ဆင်ထားတဲ့ ကိရိယာတွေနဲ့ လဲလှယ်ပေးထားခဲ့တာလို့ ယုံကြည်ရပါတယ်။

ဟစ်ဇ်ဘိုလာတွေက အစ္စရေးရဲ့ နည်းပညာမြင့် ခြေရာခံ စောင့်ကြည့် စနစ်တွေကို ရှောင်လွှဲနိုင်ဖို့အတွက် စမတ်မိုဘိုင်း ကိရိယာတွေကို အသုံးမပြုဘဲ ရှောင်လွှဲခဲ့ပေမယ့် အခုလိုမျိုး ဖောက်ခွဲရေး ထောင်ချောက်တွေနဲ့ တည့်တည့်တိုးမိခဲ့တာ ဖြစ်ပါတယ်။ ဟစ်ဇ်ဘိုလာ ထိပ်တန်း စစ်ရေး အရာရှိတွေက ဒီဖြစ်ရပ်ဟာ ကြီးမားတဲ့ လုံခြုံရေးစည်း ကျိုးပေါက်မှုမျိုးလို့ ဝန်ခံခဲ့ပါတယ်။

မကြာသေးခင်က စစ်ရေးအရ အာရုံစိုက်မှုတွေကို ဂါဇာကနေပြီး မြောက်ပိုင်း လက်ဘနွန်နဲ့ နယ်စပ်ဆီ ရွှေ့တော့မယ်လို့ ကြေညာထားတဲ့ အစ္စရေးကတော့ ဟစ်ဇ်ဘိုလာတွေရဲ့ ဆက်သွယ်ရေး ကိရိယာတွေ ၂ ရက်ဆက်တိုက် ပေါက်ကွဲပြီး လူတွေ ထိခိုက်သေကြေနေတဲ့ ကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးဘဲ ဖာသိဖာသာ နှုတ်ဆိတ်နေပါတယ်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းကတော့ အခု အခြေအနေတွေကြောင့် အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာကြားမှာ ပိုပြီး တိုက်ရိုက်ကျတဲ့ စစ်ရေး ပဋိပက္ခတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေပါတယ်။ ဂါဇာမှာ စစ်ပွဲစတင်ချိန် ကတည်းက အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ အပြန်အလှန် နယ်စပ်ဖြတ်ကျော် ပစ်ခတ်တာတွေ ရှိနေပေမယ့် မြေပြင်မှာ တပ်ချင်း ရင်ဆိုင် တိုက်ခိုက်တာမျိုး ဖြစ်မလာအောင် နှစ်ဖက်စလုံးက ထိန်းသိမ်းထားခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အစ္စရေးဟာ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ပိုင်းတွေကို ပစ်မှတ်ထား လုပ်ကြံတာမျိုးတွေပါ အကောင်အထည် ဖော်လာပြီး အခုဆိုရင် မြောက်ပိုင်း နယ်စပ်ဆီ တပ်အင်အားတွေ ပိုမို ဖြန့်ကျက်မယ်လို့ပါ ကြေညာထားတာကြောင့် အရှေ့အလယ်ပိုင်း ဒေသမှာ နောက်ထပ် ပဋိပက္ခ အသစ်တခု ပေါ်ပေါက်လာနိုင်ခြေကို အလေးအနက် စိုးရိမ်နေရပါတယ်။

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ ၂၀၀၆ ခုနှစ်၊ လက်ဘနွန် စစ်ပွဲမှာ စုစုပေါင်း တလကျော်ကြာအောင် စစ်ခင်း တိုက်ခိုက်ခဲ့ဖူးပါတယ်။ ဟစ်ဇ်ဘိုလာရော၊ ဂါဇာအခြေစိုက် ဟားမားစ် ပြောက်ကျားတွေပါ အစ္စရေးရဲ့ ရန်သူတော် အီရန်က လက်နက် တပ်ဆင် ထောက်ပံ့ပေးထားတဲ့ အင်အားစုတွေလည်း ဖြစ်ပါတယ်။

Ref: Reuters