ထိုင်းမှာ ရေကြီး၊ မြေပြိုမှုတွေကြောင့် ခြောက်ဦးသေ၊ ဒေသငါးဆယ်နီးပါးမှာ ရေကြီးမှု အန္တရာယ် သတိပေးထား 

စက်တင်ဘာ၊ ၁၂

ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေနဲ့အတူ ရေကြီးမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ပွားရာက အနည်းဆုံး ၆ ဦးသေ၊ ၄ ဦး ပျောက်ဆုံးနေပါတယ်။

ချင်းမိုင်ရဲ့ မယ်အိုင် ခရိုင်ထဲမှာ စက်တင်ဘာ ၁၀ ရက်နေ့တုန်းက မြေပြိုမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၆ ဦး သေဆုံးခဲ့သလို ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ အာဏာပိုင်တွေက အနီးတဝိုက် ဧရိယာတွေမှာ နောက်ထပ် ရေလွှမ်းမိုးမှုတွေ ထပ်ဖြစ်နိုင်တဲ့ အလားအလာအတွက် သတိပေး ကြေညာထားပါတယ်။

ချင်းရိုင်မှာ တည်ရှိပြီး ထိုင်းရဲ့ မြောက်ဖက်စွန်း အကျဆုံး နယ်မြေတခု ဖြစ်သလို မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေရာ မယ်ဆိုင်မြို့မှာလည်း ဆိုးရွားတဲ့ ရေကြီးမှုတွေ ကြုံနေရပါတယ်။ မယ်ဆိုင်၊ ဝိုင်ပန်ခမ်နဲ့ ခိုချန် ဒေသတွေမှာ ဆိုင်မြစ်ရေဟာ အချိန်နဲ့အမျှ မြင့်တက်နေပြီး မြစ်ကမ်းဘေး ဧရိယာတွေမှာ နေထိုင်သူတွေကို ကြိုတင် ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက ဆော်ဩနေပါတယ်။

၂၀၁၈ ခုနှစ်တုန်းက လူငယ်ဘောလုံးအသင်း ဝင်ရောက်သွားပြီး ပိတ်မိနေခဲ့ဖူးလို့ ကမ္ဘာကျော်ခဲ့တဲ့ သမ်လွမ် ထုံးကျောက်ဂူထဲမှာလည်း လုံးဝဥဿုံ ရေဖုံးလွှမ်းနေခဲ့တယ်လို့ သိရပါတယ်။

မယ်ဖာလောင် ဧရိယာမှာလည်း မြေပြိုရာက အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့သလို တခြား ၁ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ထိုင်းရဲ့ ကော့ခ်နဲ့ အွမ်မြစ်ရေတွေ တရိပ်ရိပ် တိုးလာမှုတွေကြောင့်လည်း မြစ်ကမ်းဘေး ဧရိယာတွေ ရေမြုပ်ကုန်ပါတယ်။ မယ်ဆိုင်မှာတော့ ဘုရားကျောင်း တခုထဲ ရေဝင်လို့ လူ ၃၈ ဦးလောက် ပိတ်မိတဲ့ အခြေအနေ ကြုံနေတယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။

ထိုင်းမှာတော့ မြို့တော်ဘန်ကောက် အပါအဝင် ဒေသပေါင်း ၄၈ ခုမှာ ရေကြီးမှု ကြုံတွေ့နိုင်တဲ့ အန္တရာယ် သတိပေး ကြေညာချက်တွေ ထုတ်ပြန်ထားတယ်လို့ Bangkok Post သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ထိုင်းရေအရင်းအမြစ်ရုံး (ONWR)ရဲ့ Facebook စာမျက်နှာမှာတော့ မြောက်ပိုင်း မုတ်သုံလေဟာ ထိုင်းနိုင်ငံ အထက်ပိုင်း ဧရိယာတွေကို စက်တင်ဘာ ၁၃ ရက်ကနေ ၁၈ ရက်နေ့အတွင်း ဝင်ရောက် တိုက်ခတ်မှာ ဖြစ်ပြီး တချိန်တည်းလိုလိုမှာပဲ အနောက်တောင် မုတ်သုံလေကလည်း အားကောင်းလာတာကြောင့် လာမယ့် ရက်ပိုင်းတွေအတွင်း မိုးပိုသည်းထန်နိုင်တယ်လို့ ခန့်မှန်း ဖော်ပြထားပါတယ်။

ထိုင်းမှာ မိုးရာသီ စတင်ဝင်ရောက်ခဲ့တဲ့ အချိန်ကတည်းက မိုးရာသွန်းမှုနဲ့ ဆက်စပ်တဲ့ သဘာဝ ဘေးတွေကြောင့် သေဆုံးသူ ၂၉ ဦးထိ ရှိခဲ့ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

Ref: Bangkok Post