ဒီပဲယင်းမြို့တွင်း တပ်စွဲမီးရှို့နေတဲ့စစ်တပ်က မြို့အနီးရှိရွာသုံးရွာကိုလည်းမီးရှို့

ဩဂုတ် ၊ ၂၄

တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပြီးနောက် လေကြောင်းနဲ့အင်အားဖြည့်ရောက်လာတဲ့ စစ်ကောင်စီ တပ်တွေဟာ ဒီပဲယင်းမြို့တွင်းက နေအိမ်အဆောက်အအုံတွေကို မီးရှို့ခဲ့သလို မြို့အနီးဝန်းကျင်က ကျေးရွာသုံးရွာ ကနေအိမ်တွေကိုလည်း ဒီကနေ့မနက်ပိုင်းမှာ မီးရှို့လိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

“အသေးစိတ်တော့မသိရသေးဘူး၊မီးရှို့နေတာကတော့ဟုတ်တယ်”လို့ ဒီပဲယင်းဒေသခံတဦး DNAကိုပြော ပါတယ်။

ဒီပဲယင်းမြို့ထဲ အခြေချတပ်စွဲနေတဲ့စစ်ကောင်စီတပ်ဟာ ဒီကနေ့မနက်အစောပိုင်း သုံးနာရီဝန်းကျင်မှာ မြို့ထဲက ထွက်လာကာ ဒီပဲယင်းမြို့အထွက်က ကံပြားရွာ၊ ဒီပဲယင်းမြို့နဲ့ နှစ်မိုင်ခွဲဝန်းကျင်အကွာ ဒီပဲယင်း-ရေဦးလမ်းပေါ်က ပျော်ဖွယ်နဲ့မစိုးရိမ်ရွာတို့ကနေအိမ်တွေကိုမီးရှို့ခဲ့တာလို့သိရပါတယ်။

“ရိက္ခာယူတာရိပ်မိမှာစိုးလို့ထင်တာပါပဲ”လို့ ဒီပဲယင်းမြို့ပြင်ကျေးရွာတွေကနေအိမ်တွေမီးရှို့ခံရတာနဲ့ပတ်သက်လို့ ဒီပဲယင်းဒေသခံကသူ့အမြင်ကိုပြောပါတယ်။

ဒီပဲယင်းမြို့တွင်းနဲ့ ကံပြား၊ပျော်ဖွယ်၊မစိုးရိမ်ရွာတို့မှာ စစ်ကောင်စီမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အဆောက်အအုံ ဘယ်လောက် ပျက်စီးသွားတယ်ဆိုတဲ့ မြေပြင်အခြေအနေအသေးစိတ်အချက်အလက်တွေကိုတော့မသိရ သေးပါ ဘူး။

“ကပ်လို့မရသေးဘူး”လို့ ဒေသခံသတင်းရင်းမြစ်က DNAကိုပြောပါတယ်။

ဒီကနေ့မနက်အစောပိုင်းက ဒီပဲယင်းမြို့တွင်းက စစ်ကောင်စီတပ်တွေ မြို့ပြင်ထွက်လာသလို တချိန်တည်းမှာ ဒီပဲယင်းနဲ့ ရှစ်မိုင် ဝန်းကျင်အကွာ ရေဦးမြို့အခြေစိုက် စစ်ကောင်စီတပ်တွေကလည်း ရေဦးမြို့အထွက် ငြုပ်တုံ ရွာဘက်ကိုစစ်ကြောင်းထွက်ခဲ့တာရှိသလို ရိက္ခာတင်ကားတွေပြင်ဆင်နေတာလည်းရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် ရေဦးမြို့အခြေစိုက်စစ်ကောင်စီတပ်က ဒီပဲယင်းမြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီ ရိက္ခာပို့ဖို့ပြင် ဆင်နေတာဖြစ်နိုင်တယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေက ယူဆကြပါတယ်။

မနေ့ညက ရေဦးမြို့တွင်း စစ်ကောင်စီတပ်တွေ အခြေချရာစခန်းမှာ ရိက္ခာတင်ထားတဲ့ စစ်ကားတွေထွက်ခွာဖို့ ပြင်ဆင်ထားပြီး ခင်ဦးအနောက်ခြမ်း ပျဉ်ထောင်ပျူရွာနဲ့ ဒီပဲယင်းမြို့က စစ်ကောင်စီတပ်တို့ဆီ ရိက္ခာပို့ဖို့ ဖြစ်နိုင် တယ်လို့ ဒေသအခြေစိုက် People’s Defense Comrade တပ်ဖွဲ့ကလည်း အသိပေးပါတယ်။

ရေဦးမြို့က ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ရေဦးမြို့နယ်အနောက်ခြမ်းဘက်ကို လက်နက်ကြီးတချက် ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ ဒေသတွင်းမြေပြင်အခြေအနေတွေဖော်ပြနေတဲ့ ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့ကဆိုပါတယ်။

“ရိက္ခာပို့တာကို သူတို့လူတွေနဲ့သွားယူတယ်၊အဲ့လိုယူတာကို မြေပြင်အဖွဲ့တွေအနားကပ်လို့မရ အောင်သူတို့ရှိ တဲ့အင်အားနဲ့ လူခွဲပြီး မီးရှို့တယ်လို့ထင်ပါတယ်”လို့ ဒီပဲယင်းဒေသခံတဦးကပြောပါတယ်။

ဒီပဲယင်းမြို့တွင်းတိုက်ပွဲအပြီး ရက်ပိုင်းအကြာ ဩဂုတ် ၂၂ရက်မနက်ပိုင်းကလည်း စစ်ကောင်စီဟာ ဒေသခံ စစ်ရှောင်တွေ ခိုလှုံနေတဲ့ ဒီပဲယင်းမြို့အနောက်မြောက်ဘက် ကိုးမိုင်ဝန်းကျင်အကွာမှာရှိတဲ့ နဂါးတွင်းကျေး ရွာကိုဂျက်ဖိုက်တာနဲ့လေကြောင်းကတိုက်ခိုက်တာကြောင့် ဒေသခံနှစ်ဦးဒဏ်ရာရခဲ့ပြီး စစ်ရှောင်တွေထပ်မံ တိမ်းရှောင်ခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းအောက်ပိုင်းက လူသိများတဲ့ ဒီပဲယင်းမြို့အခြေစိုက် စစ်ကောင်စီတပ်စွဲရာ နေရာတွေနဲ့ အုပ်ချုပ် ရေး ယန္တရားအခြေစိုက်နေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက အခုလ ၁၅ရက်ကနေ ၁၈ရက် မနက်ပိုင်းအထိ စီးနင်းတိုက်ခိုက်ကာ မြို့ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒီပဲယင်းမှာတိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီက ရေဦးမြို့ကနေစစ်ကူတွေလွှတ်ပေမယ့်မြို့နှစ်မြို့ကြားဖြတ် တောက် တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီဟာ မြို့ကိုမကာကွယ်နိုင်တဲ့နောက် မန္တလေးမြို့အခြေစိုက် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ဖွဲ့ဝင်တရာလောက်ကို လေကြောင်းကနေ ပို့ခဲ့ပါတယ်။

ဒါကြောင့်မြို့ကိုထိန်းချုပ်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေပြန်လည်ဆုတ်ခွာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသက ထုတ်ပြန်အသိပေးထားပါတယ်။

အဲ့ဒီတိုက်ပွဲတွေကြောင့် ဒီပဲယင်းမြို့ခံတွေအပါအဝင် မြို့အနီးဝန်းကျင်က ဒေသခံ နှစ်သောင်းလောက် ထွက်ပြေး တိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။

“(ဒေသခံတွေ)ရွာပြန်မကပ်ရဲကြသေးဘူး”လို့ ဒေသခံစစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး အဖွဲ့တာဝန်ရှိသူတဦးက DNAကိုပြောထားပါတယ်။