ရခိုင်နဲ့ ဧရာဝတီတိုင်းအစပ် ဂွမြို့နယ်မှာ AAထိုးစစ်စတင်

Photo – Google

သြဂုတ်၊ ၁၀

ရခိုင်တောင်ဖက်အစွန်ဆုံးနဲ့ဧရာဝတီတိုင်းအစပ်မှာတည်ရှိတဲ့ ဂွမြို့နယ်က စစ်ကောင်စီတပ်စခန်းတခုကိုAAက ထိုးစစ်ဆင််တိုက်ခိုက်ခဲ့လို့တိုက်ပွဲတွေစတင်ဖြစ်ပွားနေပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

ဂွမြို့နယ် ကျိန္တလီမြို့နယ်ခွဲ ချင်းကွင်းရွာအနီးတပ်စွဲထားပြီး အင်အား၇၀လောက်ရှိတဲ့စစ်ကောင်စီတပ်စခန်းတခုကို သြဂုတ်လ၈ရက်ကစတင်ပြီးAAကထိုးစစ်ဆင်ခဲ့တာပါ။

“အခုတော့စကစဖက်ကဆုတ်ပြေးကုန်ပြီ၊စခန်းကြီးတော့မဟုတ်ဘူးပေါ့”လို့ ဒေသခံသတင်းရင်းမြစ်တဦးက ဒီကနေသြဂုတ်၁၀ရက်မှာပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ချင်းကွင်းရွာက ဂွမြို့မှ ၂၅မိုင်ကျော်ကွာဝေးပြီး သံတွဲမြို့နဲ့၃၅ မိုင်လောက်ဝေးတယ်လို့လည်း အထက်ပါသတင်းရင်းမြစ်ကဆိုပါတယ်။

အဲဒီချင်းကွင်းရွာရှိ ချင်းကွင်းတံတားကိုလည်း စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လ နှောင်းပိုင်းမှာ မိုင်းခွဲဖျက်ဆီးထားပါသေးတယ်။

ရခိုင်တိုက်ပွဲတွေစတင်ခဲ့တဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလကစလို့ ဂွမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိသေးတာပါ။ ဒါပေမယ့်လည်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီက ဂွမြို့နယ်မှာ လေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်ခဲ့လို့ အရပ်သားထိခိုက်သေဆုံးတာတွေရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဂွမြို့နယ်နဲ့ ကပ်ရပ်မှာရှိတဲ့ သံတွဲမြို့နယ်အတွင်းမှ တပ်စခန်းတွေ တိုက်ခိုက်ခံရချိန် ပြီးခဲ့တဲ့ လတွေကတည်းက ဂွမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်း၊ တပ်စခန်းတိုးချတာ၊ လမ်းမတလျောက် ဂိတ်တွေဖွင့်ကာ သွားလာခွင့်ကန့်သတ်တာ၊ ရွာအနီးတောစပ်တွေမှာ မိုင်းထောင်တာ၊ စစ်ကြောင်းထိုး၊ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်လာခဲ့တယ်လို့ ဂွဒေသခံတွေက ပြောကြပါတယ်။

လက်ရှိမှာ ဂွမြို့နယ်အတွင်း စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းတွေကို နှင်းမိလို့ သေဆုံး၊ ဒဏ်ရာရသွားတဲ့ အရပ်သား ဆယ်ဦးဝန်းကျင်ရှိပြီဖြစ်ပြီး အာရက္ခတပ်တော်(AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဖမ်းဆီးခံထားရသူဟာလည်း နှစ်ဆယ်ဝန်းကျင်ထိ ရှိပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။

အဲဒီလိုအခြေအနေတွေကြောင့် ဂွမြို့ပေါ်နဲ့ နယ်ကျေးရွာအချို့မှ ဒေသခံတွေဟာ ရန်ကုန်အပါအ၀င် ဘေးလွှတ်မယ်လို့ ယူဆတဲ့နေရာတွေဆီ တိမ်းရှောင်၊ ရွေ့ပြောင်းကြတာတွေလည်း ရှိနေပါတယ်။

သံတွဲမြို့နယ်တခုလုံးကို သိမ်းပိုက်နိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ AA ကလည်း ကပ်ရပ်မှာရှိတဲ့ ဂွနဲ့ တောင်ကုတ်မြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ဆက်တိုက်သိမ်းပိုက်သွားမယ်လို့ ပြီးခဲ့တဲ့အပတ်က ကြေငြာခဲ့ပြီး မြေပြင်စစ်ရေးလှုပ်ရှား၊ ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့နဲ့၅၃မိုင်သာကွာဝေးတဲ့ ဂွမြို့နယ်မှာ စစ်ကောင်စီဖက်က ခြေမြန်တပ်ရင်းနှစ်ခု အထိုင်ရှိတယ်လို့လည်း စစ်ရေးစောင့်ကြည့်သူဒေသခံတဦးကပြောပါတယ်။