ဩဂုတ် ၊ ၁၀
ယူကရိန်းတပ်တွေ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်လာတဲ့ ဒေသမှာ ဗဟိုအစိုးရအဆင့် အရေးပေါ် အခြေအနေမျိုး ရုရှားက ကြေညာထားလိုက်ပါတယ်။
အစောပိုင်းက ကာ့စ်ဒေသမှာ ဒေသဆိုင်ရာ စစ်ရေးအရေးပေါ် အခြေအနေ ထုတ်ပြန်ထားရာကနေ ဩဂုတ် ၉ ရက်နေ့မှာတော့ ဗဟို ဖက်ဒရယ် အစိုးရက တိုက်ရိုက်ကွပ်ကဲမယ့် အရေးပေါ် အခြေအနေအဖြစ် အဆင့်မြှင့်တင် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
အခုဆိုရင် ယူကရိန်းတပ်တွေ ကာ့စ်ဒေသထဲ စိမ့်ဝင်ထိုးဖောက်လာတာ ၅ ရက်လောက် ရှိသွားပြီဖြစ်ပြီး ရုရှားအနေနဲ့ ထိထိရောက်ရောက် မတွန်းလှန်နိုင်သေးပါဘူး။ ဒါဟာ ရုရှား-ယူကရိန်း စစ်ပွဲကာလတလျှောက် ရုရှားကချည်း ကျူးကျော်နေခဲ့ရာက ရှားရှားပါးပါး အခြေအနေအဖြစ် ယူကရိန်းရဲ့ တန်ပြန် ထိုးနှက်မှုကို ခံလာရတာပါ။
ယူကရိန်း အစိုးရက ရုရှားပိုင် နယ်စပ်ဒေသဖြစ်တဲ့ ကာ့စ်ဒေသဆီ တပ်တွေ စေလွှတ်ခဲ့တယ်ဆိုတဲ့ သတင်းကို အတိအကျ အတည်မပြုပေမယ့် သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားကိုယ်တိုင်လည်း ကျူးကျော်ခံရတဲ့ ခံစားချက်ကို နားလည်ဖို့ လိုတယ်လို့ အရိပ်အမြွက် မှတ်ချက်ပေးထားပါတယ်။
ရုရှားအစိုးရ မီဒီယာတွေက ကာ့စ်ကို ကာကွယ်ဖို့ ရုရှားဟာ တပ်တွေ စေလွှတ်နေပြီ ဖြစ်ပြီး အနာဂတ်မှာလည်း အဲဒီဒေသထဲ တပ်တွေ ဖြန့်ကျက်သွားမယ်လို့ ဖော်ပြခဲ့သလို ရုရှားတပ်တွေ ရွေ့လျားနေပုံ ဗီဒီယို မှတ်တမ်းတွေကို ထုတ်ပြန် ပြသခဲ့ပါတယ်။
ယူကရိန်းရဲ့ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးရဲ့ ပမာဏနဲ့ ရည်ရွယ်ချက်တွေကို တိတိကျကျ ဘာမှ မသိရသေးပါဘူး။ ရုရှားကတော့ ယူကရိန်း စစ်သား ၁၀၀၀ လောက်ဟာ တင့်ကားနဲ့ သံချပ်ကာယာဉ် ၂ ဒါဇင်လောက်နဲ့အတူ ကျူးကျော် ဝင်ရောက်လာကြောင်း၊ ရန်သူ ရာဂဏန်းလောက်ကို ရှင်းလင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း ကြေညာထားပါတယ်။
ဩဂုတ် ၉ ရက်နေ့တုန်းကတော့ ကာ့စ်မှာရှိတဲ့ ဆူဒ်ဇာ မြို့ထဲက ဓာတ်ငွေ့ ဖြန့်ဝေရာ စက်ရုံတခုမှာ ယူကရိန်း စစ်သားတွေက နိုင်ငံတော်အလံ လွှင့်တင်နေတဲ့ ဗီဒီယိုတခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
ဆူဒ်ဇာမြို့တော်ဝန် ဗစ်တာလီ ဆလက်ရှ်ချက်ဗ်က မြို့ထဲက အခြေအနေတွေကို အတိအကျ မှတ်ချက်ပေးဖို့ ငြင်းဆိုထားပေမယ့် အရေးပေါ် ရွှေ့ပြောင်းမှုတွေကို လိုအပ်သလို စတင်လုပ်ဆောင်နေပြီလို့ ပြောကြားခဲ့ပါတယ်။
ဩဂုတ် ၉ ရက်နေ့မှာပဲ ယူကရိန်း စစ်တပ်ဟာ ရုရှားတောင်ပိုင်း၊ လစ်ပ်တက်စ်ခ် ဒေသမှာရှိတဲ့ လေတပ်စခန်း တခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ပဲ့ထိန်းဗုံးတွေ သိုလှောင်ထားရာ လက်နက်ရုံတခုကို ပမာဏ အတော်များများ ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ လေတပ်စခန်းမှာ ရုရှားရဲ့ Su-34၊ Su-35နဲ့ MiG-31 တိုက်လေယာဉ်တွေ အခြေစိုက်ထားတယ်လို့လည်း သိရပါတယ်။
Ref: Rferl