ရခိုင်တောင်ပိုင်းတောင်ကုတ်နဲ့ ဂွမြို့နယ်ကို ထိုးစစ်ဆင်မယ်လို့ AAအသိပေး၊ သံတွဲနဲ့ ဂွပယ်လယ်ရေပြင်မှာ ဖြတ်သန်းသွားလာတာ မလုပ်ဖို့သတိပေး

ဩဂုတ်၊ ၁

ရခိုင်တောင်ပိုင်း သံတွဲနဲ့ဂွမြို့နယ်အနီး ပင်လယ်ရေပြင်မှာ ဖြတ်သန်းသွားလာတာ လုံးဝမပြုလုပ်ဖို့ AAက ဒီကနေ့သြဂုတ်လ၁ရက်စွဲနဲ့ထုတ်ပြန်သတိပေးလိုက်ပါတယ်။

ဒါ့အပြင် ရခိုင်နဲ့ပဲခူးတိုင်းဆက်သွယ်ထားတဲ့ တောင်ကုတ်မြို့နဲ့ ဧရာဝတီတိုင်းအစပ်ဂွမြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့AAကအသိပေးလိုက်တာပါ။

နာမည်ကျော်ခရီးသွားဒေသ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နဲ့ စစ်ကောင်စီအခြေစိုက် တပ်ရင်းတပ်စခန်းအားလုံး၊ငပလီမဇင်လေဆိပ်၊ဟိုတယ်ဇုန်နဲ့ ဒေသနေရာအများစုကို AAက ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ သိမ်းပိုက်ထားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဖက်ကလည်း လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ တပ်စခန်းတွေနဲ့ သံတွဲမြို့ကို ပြန်ရယူနိုင်ဖို့ အရပ်သားအသွင်နဲ့ အင်အားဖြည့်တင်းတာ၊ ထောက်ပို့လုပ်ငန်းဆောင်ရွက်တာတွေပြုလုပ်နေပြီး တပ်ဆုတ်ပြေးနေတဲ့ စစ်ကောင်စီအုပ်စုငယ်တွေနဲ့ မြပြင်၊ဂျိတ်တော၊ကွင်းဝိုင်းရွာတွေဖက်တိုက်ပွဲတွေ ရံဖန်ရံခါဆက်ဖြစ်ပွားနေတယ်လို့ AAကဆိုပါတယ်။

ဒါ့အပြင် စစ်ရှုံးစစ်ကောင်စီဟာ အရပ်သားမော်တော်ဘုတ်တွေကို အသုံးပြုပြီး ရေကြောင်းကနေတဆင့် စစ်အင်အားထပ်ဖြည့်တာ၊ ရိက္ခာလက်နက်သယ်ယူတာတွေကိုလည်း ဆက်တိုက်လုပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အရပ်သားမော်တော်ဘုတ်တွေအနေနဲ့ စစ်ကောင်စီရဲ့ အကျပ်ကိုင်ဖိအားပေးခိုင်းစေတာတွေကို လိုက်နာဆောင်ရွက်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးတွေ မလုပ်ကြဖို့ကိုလည်း AA ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

အရေးပေါ် ကျန်းမာရေး ဒါမှမဟုတ် မဖြစ်မနေ သွားလာရမယ့် ကိစ္စတွေ ရှိခဲ့ရင်လည်း နီးစပ်ရာ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးတွေကို ဆကိသွယ်ကာ မိမိတို့ သတ်မှတ်ထားတဲ့ လမ်းကြောင်း၊ အမှတ်အသားတွေ လုပ်ပြီး သွားလာကုသရမယ်လို့ ဆိုပါတယ်။

သံတွဲနဲ့ဂွမြို့နယ်အနီး ပင်လယ်ရေပြင်မှာ ဖြတ်သန်းသွားလာတာ လုံးဝမပြုလုပ်ဖို့ တားမြစ်တဲ့ အဲဒီထုတ်ပြန်ချက်ကို ရုပ်သိမ်းကြောင်း မထုတ်ပြန်မချင်း အတည်ဖြစ်တယ်လို့လည်း AA က ပြောထားပါတယ်။

အာရက္ခတပ်တော်(AA)ဟာ သံတွဲမြို့နယ်အတွင်းရှိ နောက်ဆုံးလက်ကျန် သဗြုချိုင်ရေတပ်စခန်းနဲ့ ဂျိတ်တောရွာစခန်းတို့ကို တပြိုင်တည်း ထိုးစစ်ဆင်နေပြီး သံတွဲမြို့နယ်နဲ့ ကပ်ရပ်မှာရှိတဲ့ ဂွနဲ့ တောင်ကုတ်မြို့နယ်အတွင်းမှာလည်း စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတာပါ။

AA ဟာ ဂျိတ်တောရွာစခန်းနဲ့ ရေတပ်စခန်းတို့ကိုပါ အပြီးသတ်သိမ်းပိုက်နိုင်ရင် သံတွဲမြို့နယ်တခုလုံးကို ထိမ်းချုပ်နိုင်မှာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေတာ သုံးလ၀န်းကျင်ရှိပြီဖြစ်တဲ့ သံတွဲမြို့နယ်မှာ ပစ်ခတ်သတ်ဖြတ်တာ၊ လေကြောင်း၊ လက်နက်ကြီးပစ်လတ်တာစတဲ့ စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် သေဆုံးရသူအရပ်သား တရာကျော်အထိ ရှိခဲ့ပြီလို့ ဒေသတွင်း စာရင်းကောက်ယူနေသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ထက်၀က်ကျော်(ကိုးမြို့)နဲ့ချင်းပြည်နယ် ပလက်၀မြို့နယ်ကို သိမ်းပိုက်ထားပြီး ပြည်နယ်တခုလုံးထိန်းချုပ်သွားမယ်လို့ ကြေငြာထားတဲ့ AA ဟာ သံတွဲအပြင် မောင်တောမြို့ကိုပါ အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်နေကာ အမ်းအခြေစိုက်တပ်စခန်း၊ တပ်ရင်းတွေကိုပါ တိုက်ခိုက်နေပါတယ်။