
ဇန်နဝါရီ၊ ၁၃
အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သတင်း ထွက်နေတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲရှိ ရွှေသောင်ယံမြို့မှာ ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်၊ နေ့လယ် ၁၂ နာရီလောက်အထိ နှစ်ဖက်တိုက်ပွဲတွေ လုံးဝဖြစ်ပွားတာ မရှိသေးဘူးလို့ ရွှေသောင်ယံမြို့ခံတွေဆီကနေ သိရပါတယ်။
“လက်ရှိအခြေအနေကတော့အေးဆေးပါပဲ၊ ရွာသားတွေ(မြို့ခံ) ရှောင်နေတာကလွဲလို့ အကုန်ပုံမှန်ပါပဲ” လို့ ရွှေသောင်ယံမြို့ကနေ အခုမနက်ကမှ တိမ်းရှောင်လာသူတဦးက DNA ကို ပြောပါတယ်။
ဒါ့အပြင် DNA က တဆင့်ခံမေးမြန်းခဲ့တဲ့ ရွှေသောင်ယံမြို့ခံနှစ်ဦးကလည်း လက်ရှိအချိန်ထိ ရွှေသောင်ယံမှာ တိုက်ပွဲတွေ မဖြစ်သေးဘူးလို့ ဆိုပါတယ်။
ရွှေသောင်ယံမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးနဲ့ ဆေးရုံတို့ကို AA ပူးပေါင်းတပ်တွေက ထိန်း ချုပ်လိုက်ပြီး ရွှေသောင်ယံကမ်းခြေမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက် နေ့ကတည်းက သတင်းတွေထွက်ပေါ်နေပေမယ့် အဲဒါတွေဟာ ကောလဟာလသတင်းတွေသာဖြစ်တယ်လို့ ရွှေသောင်ယံမြို့ခံတွေက အတည်ပြုပါတယ်။
ဒါ့အပြင် ရွှေသောင်ယံမြို့ရှိ စာသင်ကျောင်းတွေကိုလည်း မပိတ်ဖို့ ညွှန်ကြားထားတယ်လို့ ရွှေသောင်ယံက ပညာရေးဝန်ထမ်းတွေနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
ရွှေသောင်ယံမြို့နဲ့ မိုင်နှစ်ဆယ်လောက်ဝေးတဲ့ ရခိုင်-ဧရာဝတီအစပ်က ချောင်းဝချိုင်၊ ပေါက်လှချိုင်၊ ကုလား ချောင်း၊ ပေါက်တူးကွင်း၊ မကျီးဇင် စတဲ့ကျေးရွာတွေဘက်မှာသာ ဇန်နဝါရီ ၈ ရက်နေ့လောက်ကတည်းက AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲတွေအတွင်းမှာတော့ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့သလို အနောက်ဘက် ပင်လယ် ပြင်မှာရှိတဲ့ ရေတပ်စစ်သင်္ဘောတွေကနေလည်း အမြောက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက DNA ကို ပြော ထားပါတယ်။
ဇန်နဝါရီ ၁၁ ရက်မှာတော့ မကျီးဇင်ရွာရှိ စစ်ကောင်စီတပ်စခန်းကို AA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်နိုင် တယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ မကျီးဇင်ကနေတဆင့် ဂျိုင်လယ်၊ ဘောမိရွာ တွေဘက် ဆုတ်ခွာလာခဲ့တယ်လို့ သိရပါတယ်။
ရွှေသောင်ယံမြို့ကိုတော့ ဇန်နဝါရီ ၉ ရက်နေ့မှာ ပုသိမ်ဘက်ကနေ စစ်ကား တဆယ့်သုံးစီးနဲ့ အင်အား တရာ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး ရွှေသောင်ယံမြို့နဲ့ သုံးမိုင်ခန့်အကွာ ဝက်သေရွာကနေတဆင့် ရေလမ်းကနေ ထွက်သွားတယ်လို့ သိရပါတယ်။
ဒေသခံတွေကတော့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘောမိကဘက်ကို စစ်ကူသွားတာလို့ ယူဆနေကြ ပါတယ်။
အလားတူပဲ ဇန်နဝါရီ ၁၀ ရက်နေ့မှာလည်း ပုသိမ်ကနေ ရွှေသောင်ယံကို တင့်ကား ခုနစ်စီးထက်မနည်း ရောက်ရှိလာပြီး အဲဒီတင့်ကားတွေကိုတော့ ဝက်သေရွာမှာပဲ ဖြန့်ကြက်ထားတယ်လို ပြောကြသလို ဝက်သေကနေတဆင့် ဘောမိဘက်ကို ရေလမ်းကနေ သယ်သွားတယ်လို့လည်း ဆိုကြပါတယ်။
ဒါ့အပြင် နောက်ရက်တွေမှာလည်း ပုသိမ်ကနေတဆင့် ရွှေသောင်ယံနဲ့ ဝက်သေဘက်ကို အင်အားဖြည့်တင်းထားပြီး အနောက်ဘက် ပင်လယ်ပြင်မှာလည်း စစ်သင်္ဘောတွေ ထပ်တိုးရောက်နေတယ်လို့ ဆိုကြပေမယ့် အဲဒီအခြေအနေကိုတော့ DNA က စုံစမ်းနေဆဲဖြစ်ပါတယ်။
ဇန်နဝါရီ ၁၂ ရက်၊ မနေ့ကတော့ မကျီးဇင်၊ ဘောမိဘက်မှာလည်း အရင်ရက်တွေကလောက် ပစ်ခတ်သံတွေ သိပ်မကြားရဘူးလို့ ရွှေသောင်ယံဒေသခံတွေက DNA ကို ပြောထားပါတယ်။
AA ပူးပေါင်းတပ်တွေအနေနဲ့ မကျီးဇင်ကနေ ရွှေသောင်ယံကို ကမ်းခြေပတ်လမ်းအတိုင်း ချီတက်လာမယ်ဆိုပါက ဘောမိရွာကို တိုက်ခိုက်သိမ်းပိုက်ရမှာဖြစ်သလို တပင်မော်အမြောက်တပ်စခန်းနဲ့ ဝက်သေရွာရှိ စစ်ကောင်စီတပ်တွေနဲ့လည်း အပြင်းအထန် တိုက်ပွဲဖြစ်ပွားလိမ့်အုံးမယ်လို့ နားလည်ရပါတယ်။
ပင်လယ်ကမ်းစပ်မှာရှိပြီး ဧက နှစ်ဆယ်လောက်ကျယ်ဝန်းတဲ့ တပင်မော်အမြောက်တပ်စခန်းမှာ ပတ်ပတ်လည် ကတုတ်ကျင်းတွေတူးထားသလို ခြံစည်းရိုးတွေလည်း နှစ်ထပ်ထက်မနည်း ကာရံထားတာကို ဂြိုလ်တုဓာတ်ပုံတွေအရ သိရပါတယ်။
ဒါ့အပြင် လက်ရှိ အင်အားအလုံးအရင်းနဲ့ ခံစစ်ပြင်နေတယ်ဆိုတဲ့ ဝက်သေကျေးရွာ ကမ်းခြေတလျှောက်မှာလည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီမှာ မြန်မာစစ်တပ်က အင်အား ရှစ်ထောင်ကျော်ပါ ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုံ ပူးတွဲပြီး ဆင်ဖြူရှင် စစ်ရေးလေ့ကျင်မှု ပြုလုပ်ခဲ့ဖူးပါတယ်။
ရွှေသောင်ယံမြို့ခံတချို့ကတော့ ဇန်နဝါရီ ၁၁ ရက်လောက်ကတည်း ချောင်းသာကနေတဆင့် ပုသိမ်မြို့ကို ကြိုတင်တိမ်းရှောင်သွားကြပြီလို့ သိရပါတယ်။
“နီးနေလို့ ကြောက်တော့ကြောက်နေကြတယ်၊ တချို့လည်း ရှောင်ကြပြီ၊ မရှောင်သေးတဲ့သူတွေလည်း အထုပ်တော့ ပြင်ထားကြပြီ” လို့လည်း အခုရက်ပိုင်းအတွင်း ပုသိမ်ဘက် တိမ်းရှောင်လာတဲ့ ရွှေသောင်ယံ မြို့ခံတဦးက ပြောပါတယ်။
ဒါ့အပြင် ပုသိမ်-ချောင်းသာကားလမ်းကိုလည်း စစ်ကောင်စီက ဒီကနေ ဇန်နဝါရီ ၁၃ ရက်ကစပြီး ပိတ်တော့မယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဒီကနေ့ နေ့လယ် ၁၂ နာရီကျော်အထိတော့ ပုံမှန်သွားလာလို့ရနေဆဲဖြစ်တယ်လို့ ကိုယ်တိုင်သွားလာခဲ့သူတွေဆီကနေ သိရပါတယ်။
ရွှေသောင်ယံမြို့ဟာ စစ်ကောင်စီရဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) ရှိရာ ပုသိမ်မြို့နဲ့ မိုင်လေးဆယ်လောက်သာဝေးပြီး ချောင်းသာကမ်းခြေနဲ့ဆိုရင် ဆယ်မိုင်ဝန်းကျင်လောက်သာ ဝေးတော့တာပါ။