မိုးမိတ်မြို့သိမ်းတိုက်ပွဲကနေ ဟောင်ဝပ်ဇာနဲ့လက်နက်ကြီးတွေအပါအဝင် လက်နက်မျိုးစုံလေးရာကျော်ရ

ဩဂုတ် ၊ ၁

မိုးမိတ်မြို့သိမ်းတိုက်ပွဲတွေကနေ ခမရ ၃၄၈ ဗျူဟာကုန်းအပါအဝင် စစ်ကောင်စီစခန်း စုစုပေါင်း တဒါဇင်ကျော်နဲ့ ဌာနဆိုင်ရာရုံးတွေအားလုံးကိုသိမ်းပိုက်ခဲ့ပြီး လက်နက်မျိုးစုံ လေးရာကျော်သိမ်းဆည်းရရှိခဲ့တယ်လို့ တအာင်းတပ် TNLA က ဒီကနေ့ အသိပေးပါတယ်။

တိုက်ပွဲတွေအတွင်း သိမ်းဆည်းရရှိကြောင်း TNLA ထုတ်ပြန်လာတဲ့  လက်နက်တွေထဲ ဟောင်ဝပ်ဇာ၊၁၂၀မမ၊ တို့လို အမြောက်လက်နက်ကြီးတွေအပြင် ၆၀မမ၊၈၁မမ၊လေယာဉ်ပစ်သေနတ် ပွိုင့်ဖိုက်၊RPG၊ချေမှုန်းရေးရိုင် ဖယ်တွေ၊လက်နက်ခဲယမ်းအများအပြားနဲ့ စစ်အသုံးအဆောင်တွေပါဝင်ပါတယ်။

စစ်ကောင်စီရဲ့ စကခ-၂၁လက်အောက်ခံ ခလရ ၂၂၃၊၂၇၆နဲ့ ခမရ ၃၄၈ စခန်းတွေရှိရာ မိုးမိတ်မြို့နယ်ထဲက စခန်း တွေကို ဇွန်လ ၂၇ရက် ကနေ ဇူလိုင် ၃၁ရက်အထိ လေးပတ်ကြာ တိုက်ခိုက်ပြီးနောက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြ ပါတယ်။

မိုးမိတ်မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ဒေသခံ သုံးဦးသေဆုံးကာ ၁၂ဦးဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက ဂျက်ဖိုက်တာ၊Y-12၊တို့နဲ့ လေကြောင်းတိုက်ခိုက်မှု ၆၇ကြိမ်တိုက်ခိုက်ခဲ့သလို အတွဲလိုက်ဒုံးပစ်ခတ်မှုတွေအပါအဝင် လက်နက်ကြီး အကြိမ်နှစ်ရာကျော်အသုံးပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နှစ်ဖက် ထိခိုက်သေဆုံးမှုတွေနဲ့ သုံ့ပန်းရရှိမှုအခြေအနေကိုတော့ ဖော်ပြထားတာမရှိပါဘူး။