ဖုံတွေထူလွန်းလို့ ထိုင်းရဲ့ အရှည်ဆုံး ရထားလမ်း ဥမင်သစ်ကို ဖွင့်လှစ်ပြီး ရက်ပိုင်းအတွင်း ပြန်ပိတ်ထားရ

ဇူလိုင် ၊ ၃၀

ထိုင်းနိုင်ငံရဲ့ အရှည်လျားဆုံး ရထားလမ်း ဥမင်လှိုဏ်ခေါင်းကြီးကို စတင်ဖွင့်လှစ်ပြီး ရက်ပိုင်းအကြာမှာပဲ ယာယီ ပြန်ပိတ်ထားရပါတယ်။ အကြောင်းရင်းကတော့ လှိုဏ်ခေါင်းထဲမှာ ဖုန်အမှုန်အမွှားတွေ အရမ်းများနေတာကြောင့်ပါ။

လှိုဏ်ခေါင်းကို ဖြတ်သန်းပြီး ရထားခုတ်မောင်းတဲ့ အချိန်တွေမှာ မခံသာလောက်အောင် ဖုံမှုန့်တွေ ဝင်ရောက်လာတတ်တယ်လို့ ခရီးသည်တွေက ဝေဖန် စောဒက တက်ကြတဲ့နောက် ဆာရာဘူရီမှာရှိတဲ့ ဖာဆာဒက် ဥမင်ကို ယာယီ ပိတ်ထားမယ်လို့ ထိုင်းအစိုးရ ရထားပို့ဆောင်ရေးဌာန (SRT)က ကြေညာခဲ့ပါတယ်။

SRTရဲ့ အကြီးအကဲ အီကာရတ် ဆရီ အာရာယန်ပေါင်က ဥမင်ကို တာဝန်ယူ တည်ဆောက်ခဲ့တဲ့ ကန်ထရိုက်တာတွေကို ပြန်လည်ရှင်းလင်း သန့်စင်ရေး လုပ်ငန်းတွေ တာဝန်ယူဖို့ ညွှန်ကြားထားကြောင်း ပြောပါတယ်။ အဲဒီ ရှင်းလင်းမှုတွေကို ၁၄ ရက်ကြာ ပြုလုပ်ပြီးတဲ့နောက် ဩဂုတ် ၁၂ ရက်နေ့မှာ ပုံမှန် ပြန်လည် ဖွင့်လှစ်မယ်လို့ သိရပါတယ်။

၅.၄ ကီလိုမီတာ ရှည်လျားပြီး အရှေ့မြောက်ပိုင်း ဒေသတွေဆီ ချိတ်ဆက်မယ့် နှစ်လမ်းသွား မီးရထားလမ်း စီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဥမင်ကို ဇူလိုင် ၂၈ ရက်နေ့ကမှ ဖွင့်လှစ်ထားခဲ့တာ ဖြစ်ပါတယ်။

ယာယီ ပြင်ဆင်နေတဲ့ အတောအတွင်း ရထားတွေဟာ အရင်လမ်းဟောင်းကိုပဲ ပြန်လည် အသုံးပြုရမှာပါ။ လမ်းဟောင်းဟာ ၁၈ ကီလိုမီတာ ရှည်လျားပြီး ၃၂ မိနစ်လောက် ပျမ်းမျှ ခုတ်မောင်းဖို့ လိုအပ်ပေမယ့် ဥမင်အသစ်ကို အသုံးပြုရင်တော့ ၁၅ မိနစ်လောက်အတွင်း ခရီးရောက်နိုင်မယ်လို့ သိရပါတယ်။

Ref : Bangkok Post