Photo – CJ (လေကြောင်း၊လက်နက်ကြီးကြောင့်ထိခိုက်ပျက်စီးထားတဲ့စဉ့်ကူးမြို့ကအဆောက်အအုံတချို့)
ဇူလိုင်၊ ၁၈
MDY-PDF နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ စီးနင်းသိမ်းပိုက်ထားပြီလို့ သတင်းထွက်နေတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့ကို စစ်ကောင်စီက နှစ်ရက်အတွင်း ဗုံးအလုံးသုံးရာကျော်ကြဲချခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်း မြေ ပြင်ကင်းထောက်အဖွဲ့တွေဆီကသိရပါတယ်။
“လူတိုင်းနေစရာ၊ထိုင်စရာပျောက်၊အိုးမဲ့အိမ်မဲ့တွေဖြစ်ကုန်ကြပြီ၊တမြို့လုံးပြာပုံဖြစ်နေပါပြီဗျာ”လို့ စဉ့်ကူးမြို့ခံတဦးက ပြောပါတယ်။
စစ်ကောင်စီဟာ စဉ့်ကူးမြို့နဲ့ အနီးတဝိုက်ကို ဇူလိုင် ၁၆ရက်တရက်တည်း Y-12 လေယာဉ်လေးစီးနဲ့ ဗုံးသီးအလုံး ရေ ၂၅၀လောက်ကြဲချခဲ့သလို ဇူလိုင် ၁၇ရက် မနေ့ကလည်း Y-12နဲ့ပဲ ဗုံးသီးအလုံးကိုးဆယ်လောက်ကြဲချခဲ့တယ်လို့ ဒေသတွင်းအခြေအနေတွေ ဖော်ပြပေးနေတဲ့ Wetlet Information Network က ဆိုပါတယ်။
စဉ့်ကူးမြို့နဲ့ ဧရာဝတီမြစ်သာခြားတဲ့ ဝက်လက်မြို့နယ်အခြေစိုက် Wetlet Information Network ဟာ ဧရာဝတီ မြစ် အရှေ့ခြမ်း၊အနောက်ခြမ်း ထိစပ်မြို့နယ်တွေက မြေပြင်အခြေအနေတွေကို စောင့်ကြည့်အသိပေးနေတဲ့ အဖွဲ့ တခု ဖြစ်ပါတယ်။
စစ်ကောင်စီကစဉ့်ကူးမြို့ကိုဇူလိုင် ၁၆ရက်မှာ ဂျက်ဖိုက်တာ လေးစီးနဲ့ လေးကြိမ်၊ဇူလိုင် ၁၇ရက် မနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ နဲ့ တကြိမ် လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေလည်း လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ဒီမတိုင်ခင် စဉ့်ကူး နယ်အတွင်း တိုက်ပွဲ တွေစတင်ပြင်းထန်ချိန်မှာလည်း စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကြိမ်ရေ အများအ ပြား သုံးစွဲခုခံခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ စဉ့်ကူးနဲ့ မတ္တရာနယ်တွေအတွင်းတိုက်ပွဲတွေစတင်ပြင်းထန်ချိန်က ဂျက်ဖိုက်တာ၊MI-35 တို့ကို အ ဓိက အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာတွေ့ရပြီး နောက်ပိုင်းမှာတော့ Y-12 လေယာဉ်တွေနဲ့ပါ အ ကြိမ်ရေ အများအပြားလှည့်ပတ်ပျံသန်းပြီး ဗုံးသီးတွေကြဲချနေတာဖြစ်ပါတယ်။
စဉ့်ကူးဒေသခံတွေကတော့ တော်လှန်ရေးတပ်ဖွဲ့တွေ မြို့တွင်းအထိ စီးနင်းသိမ်းပိုက်ထားနိုင်တဲ့ စဉ့်ကူးမြို့မှာ စစ် ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီး အဆမတန်သုံးစွဲမှုတွေကြောင့် မြို့ပေါ်နေအိမ်အများအပြား ပျက်စီးနေပြီလို့ ပြော ကြပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်ကြောင့် မြို့ပေါ်တိုက်ပွဲပြင်းထန်လာချိန် စဉ့်ကူးရဲစခန်းအချုပ်ထဲကနေ လွတ် မြောက် လာ ခဲ့တဲ့ အဆိုတော်တသသကလည်း လေကြောင်း၊လက်နက်ကြီးပစ်ခတ်မှုတွေကြားကနေ ထွက်ပြေး လွတ်မြောက် ခဲ့တဲ့အ ကြောင်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
“စဉ့်ကူးရဲစခန်းက ရဲတွေအကုန်ထွက်ပြေးကြတယ်။ကျွန်မတို့ အချုပ်သားတွေကို သော့ခတ်ပြီးပစ်ထားခဲ့ပါတယ်၊ ထမင်းနှစ် ရက်မစားရဘူး၊လေယာဉ်တွေ၊ဒုံးတွေနဲ့ဗုံးကြဲတယ်”လို့ သူကဆိုပါတယ်။
လက်ရှိမှာ စဉ့်ကူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီလို့ သတင်းတွေထွက်နေ ပေ မယ့် စဉ့်ကူး၊မတ္တရာနယ်တိုက်ပွဲတွေကို ဦးဆောင်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF ကတော့ ထုတ်ပြန်အတည်ပြုတာမရှိသေးပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ ဇူလိုင်လ ၁၆ရက်အထိ ထုတ်ပြန်ချက်တွေအရတော့ စဉ့်ကူးမြို့နယ် ထဲက စစ်ကောင်စီစခန်း ၁၁ခုကို သိမ်းပိုက်ရရှိထားပြီး လက်နက်ခဲယမ်းတွေ၊စစ်သုံ့ပန်းတွေကိုလည်းဖမ်းမိထား တာရှိတယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် TNLA၊MDY-PDF နဲ့ပူးပေါင်းတပ်တွေက ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအတွင်း ဇွန် ၂၅ရက်ကစလို့ စစ်ကောင်စီကိုထိုးစစ်ဆင်နေတာဖြစ်ပြီး ဒီထိုးစစ်အတွင်း မတ္တရာနဲ့ စဉ့်ကူးမြို့နယ်ထဲက စခန်း လေးဆယ် ကျော်ကို MDY-PDF ဦးဆောင်တဲ့ပူးပေါင်းတပ်က သိမ်းပိုက်ထားပါတယ်။