စစ်ကိုင်းတိုင်းက ရှေ့တန်းစစ်မြေပြင်တွေဆီ ရောက်ခဲ့တဲ့ NUG ကာကွယ်ရေးဝန်ကြီး

Photo – ကောလင်းခရိုင်အမှတ်(၂)တပ်ရင်း

ဇူလိုင်၊ ၁၇

အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်က ရှေ့တန်း စစ်မြေပြင်ကို ပြီးခဲ့တဲ့ လပိုင်းအကြာက လာရောက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကောလင်းခရိုင် အမှတ်(၂) တပ်ရင်းက ဒီကနေ့ထုတ်ပြောလိုက်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဟာ လွန်ခဲ့တဲ့ နှစ်လကျော်က ကောလင်းခရိုင် PDF အမှတ်(၂)တပ်ရင်းရဲ့ ရှေ့တန်းစစ် မြေပြင်မှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေကိုလာရောက်တွေ့ဆုံအားပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းက ဓာတ်ပုံတချို့နဲ့တကွ ထုတ်ပြန်ဖော်ပြလာတာဖြစ်ပါတယ်။

“ကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးကို မြေပြင်မဆင်းဘူးလို့ ပြောပြောနေကြသူများခင်ဗျာ၊ကျွန်တော်တို့ တပ်ရင်း တွေက လုံခြုံရေးအရ သတင်းမထုတ်ပြန်တာပဲရှိတာပါ” လို့လည်း ရေးသားထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီး မြေပြင်ရောက်ခဲ့တာနဲ့ပတ်သက်လို့ ကောလင်းခရိုင် အမှတ်(၂)တပ်ရင်းကို DNA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် နောက်ထပ် မှတ်ချက်ပေးဖို့မရှိတော့ဘူးလို့ တာဝန်ရှိသူတဦးက တုံ့ပြန်ပါတယ်။

ကောလင်းခရိုင်အမှတ်(၂)တပ်ရင်းရဲ့ အခုနှစ် မေလအထိ စစ်ရေးးသတင်းထုတ်ပြန်ချက်တွေအရ ကောလင်းမြို့ အနောက်ခြမ်းဒေသတွေမှာ အခြေစိုက်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ PDF တပ်ရင်းတခုဖြစ်ကာ ကော လင်းမြို့သိမ်းတိုက်ပွဲမှာလည်း ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ 

ကောလင်းမြို့နယ်ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တွေနဲ့ ကချင်လွတ်လပ်ရေး တပ်မ တော် KIA တပ်တို့ ပူးပေါင်းသိမ်းပိုက်ခဲ့ဖူးတဲ့ ခရိုင်မြို့ရှိရာမြို့နယ်ဖြစ်သလို လက်ရှိလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ ဒေသဖြစ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးရဲ့ အဲ့ဒီခရီးစဉ်အတွင်း စစ်ကိုင်းတိုင်းထဲက စစ်ရေးပြင်းထန်ရာ တခြားမြို့နယ် အခြေ စိုက် PDF တပ်ဖွဲ့တွေဆီလည်း သွားရောက်တွေ့ဆုံခဲ့ဖွယ်ရှိပြီး လက်ရှိအချိန်အထိတော့ NUG ကာကွယ်ရေး ဝန်ကြီးဌာနဘက်ကရော မြေပြင်တပ်ဖွဲ့တွေကပါ တစုံတရာထုတ်ပြန်ပြောဆိုကြတာမရှိသေးပါဘူး။

ကဗျာဆရာ၊နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲနှစ်ကြိမ်ဆက် ပြည်သူ့လွှတ်တော် ကိုယ်စား အဖြစ် ရွေးကောက်ခံခဲ့ရတဲ့ ဦးရည်မွန်ဟာ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် NUG အစိုးရအဖွဲ့ စတင်ဖွဲ့စည်း ချိန်ကစလို့ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တာပါ။

ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေချိန် KIA ခေါင်းဆောင်တချို့နဲ့အတူ ရှေ့တန်စစ်မြေပြင်ရောက်ခဲ့တဲ့ ဦးရည်မွန်ရဲ့မှတ်တမ်းဓာတ်ပုံတွေ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ခဲ့ဖူးပါတယ်။

ဒါ့အပြင် ညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတို့ ရှမ်းမြောက်မှာ နှစ်ဖက်အပစ်ရပ်ထားပြီး MDY-PDF နဲ့ စစ်ကောင်စီ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေချိန်မှာလည်း ရှမ်းမြောက်က ရှေ့တန်းစစ်မြေပြင်တွေဆီသွား ရောက် ခဲ့ပါသေးတယ်။

ဝန်ကြီးဦးရည်မွန်ရဲ့ ရှမ်းမြောက်ခရီးစဉ်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက အခုနှစ်ဧပြီလအတွင်း ထုတ်ပြန် ခဲ့တာဖြစ် ပေမယ့် သွားရောက်ခဲ့တဲ့ ဒေသနဲ့ ကာလကိုတော့ ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိပါဘူး။