မိုင်းခွဲခံရတဲ့ ကရင်လေးဆိပ်တံတား ကိုယာယီပြုပြင်ပြီး မော်တော်ယာဥ်တွေကို ဖြတ်သန်းခွင့်ပြု

Photo – Social Media

ဇူလိုင်၊ ၁၇ 

မိုင်းခွဲဖျက်ဆီးခံလိုက်ရတဲ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ  ကရင်လေးဆိပ်တံတားကို ယာယီပြုပြင်ပြီး ဒီကနေ့ ဇူလိုင် ၁၇ ရက်၊ နေ့လယ်ပိုင်းကစလို့ မော်တော်ယာဥ်တွေကို စတင်ဖြတ်သန်းခွင့်ပြုနေပြီလို့ သိရပါတယ်။ 

“ကားတွေ သွားနေကြပြီ၊ ကားကြီးရော၊ ကားငယ်ရော အကုန်သွားလို့ရတယ်၊ ဘယ်လို ပြင်လိုက်လဲတော့ သေချာမသိဘူး” လို့ ရန်ကုန်-ထားဝယ် ကားဆရာတဦးက DNA ကို ပြောပါတယ်။ 

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်လေးဆိပ်ရွာမှာရှိတဲ့ အရှည် ၁၀ ပေ၊ အကျယ် ပေ ၅၀ ခန့်ရှိ ကွန်ကရစ်တံတားဟာ ဇူလိုင် ၁၆ ရက်၊ မနေ့ ည ၁၀ နာရီဝန်းကျင်ခန့်က ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး လုံးဝ ပြိုကျပျက်စီးသွားခဲ့တာပါ။ 

လှုမှုကွန်ရက်စာမျက်နှာပေါ်မှာတွေ့ရတဲ့ ဓာတ်ပုံတွေအရတော့ ပြိုကျနေတဲ့ အဲဒီတံတားရဲ့ တခြမ်းကို မြေဖို့လိုက်ပြီး အတက်အဆင်း တလှည့်စီ သွားလာခွင့်ပြုနေတာကို တွေ့ရပါတယ်။ 

တံတားမပြုပြင်မီ ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်လောက်အထိတော့ အဲဒီတံတားမှာ အတက်အဆင်း ကားရာချီ ပိတ်မိနေခဲ့ပါသေးတယ်။ 

ဒေသခံတွေကတော့ တော်လှန်ရေးအင်အားစုတွေဘက်ကနေ အခုလို ဖောက်ခွဲလိုက်တာ ဖြစ်နိုင်တယ်လို့ ယူဆကြပေမယ့် ဘယ်အဖွဲ့က ဖောက်ခွဲလိုက်တာလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ 

တံတားဖောက်ခွဲခံရမှုအတွင်းမှာတော့ လူ အထိအခိုက် မရှိခဲ့ဘူးလို့ သိရပါတယ်။ 

ဖောက်ခွဲခံထားရတဲ့ အဒီတံတားကိုတော့ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းတွေကပဲ ယာယီပြုပြင်ခဲ့တာဖြစ်နိုင်ပေမယ့် အဲဒါနဲ့ ပတ်သက်လို့ကတော့ Delta News Agency အနေနဲ့ အတိအကျ မသိရသေးပါဘူး။ 

အခုလို ဖောက်ခွဲဖျက်ဆီးခံရတဲ့ ကရင်လေးဆိပ်တံတားနဲ့ လေးမိုင်ဝန်းကျင်သာရှိတဲ့ ဘီလင်းမြို့အထွက်နားက ကျုံအိတ်တံတားနဲ့ မစောတံတားတို့လည်း ပြီးခဲ့တဲ့ မေလအတွင်းက ဖောက်ခွဲခံခဲ့ရပြီး အဲဒီတံတားနှစ်စီးကိုလည်း ဇွန်လ အစောပိုင်းလောက်ကစလို့ ပြန်လည်အသုံးပြုလို့ ရနေပြီဖြစ်ပါတယ်။