အနားပေးခံရတယ်လို့ သတင်းထွက်နေတဲ့ ရေတပ်ချုပ် ကာကွယ်ရေးဦးစီးချုပ်ရုံး သစ်ပင်စိုက်ပွဲ တက်ရောက်တာမတွေ့ရ

Photo – MOI

ဇူလိုင် ၊ ၁၃

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကိုရာထူးကနေ အနားပေးခံလိုက်ရတယ်လို့ သတင်းထွက်နေတဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် တက်ရောက်ခြင်းမရှိတာတွေ့ရပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေရဲ့ ဖော်ပြချက်အရ မနေ့က ဇူလိုင် ၁၂ရက်မှာပြုလုပ်တဲ့

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် စတဲ့ စစ်တပ်အရာရှိကြီးတွေ တက်ရောက်ကြပေမယ့် ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်တော့ မတက်ရောက်ဘူးလို့ သိရပါတယ်။

ပုံမှန်အားဖြင့်တော့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွေကို တပ်ချုပ်၊ ဒုတပ်ချုပ်တို့အပြင် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး၊ လေတပ်ချုပ်နဲ့ ရေတပ်ချုပ်တို့ အစုံအလင် တက်ရောက်လေ့ရှိကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့မှာကျင်းပတဲ့ ၂၀၂၄ ခုနှစ်အတွက် ပထမအကြိမ် ကာကွယ်ရေးဦးစီးချုပ်ရုံး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကိုတောင် ရေတပ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ဟာ ဇနီးဖြစ်သူနဲ့ အတူ တက်ရောက်ခဲ့ပါသေးတယ်။

ရေတပ်ဦးစီးချုပ်တာဝန်ထမ်းဆောင်တာ ခြောက်လကျော်ပဲရှိသေး ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို ရခိုင်မှာ အာရက္ခတပ်တော်(AA)နဲ့ တိုက်ပွဲတွေမှာ အရေးနိမ့်မှုတွေနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ရာထူးက အနားပေးလိုက်တာလို့ သတင်းတွေထွက်နေပါတယ်။

ဒါပေမယ့် BBC သတင်းဌာနရဲ့ သတင်းတပုဒ်မှာတော့ ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ဟာ ကိုယ်တိုင် ရာထူးကနေ နှုတ်ထွက်စာ တင်ထားတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ ရေတပ်အသိုင်းအဝိုင်းက ပြောတာကို ကိုးကားပြီး ရေးသားထားပါတယ်။

စစ်တက္ကသိုလ်(DSA) အပတ်စဥ် ၃၀ ဆင်း ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ဟာ လက်ရှိ စစ်ကောင်စီဥက္ကဌရုံး ဝန်ကြီးဌာန(၁) ဝန်ကြီး ရာထူးယူထားတဲ့ ဗိုလ်ချုပ်ကြီး မိုးအောင် ရေတပ်ချုပ်ရာထူးကနေ အနားယူသွားပြီးနောက် အခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့ကမှ ရေတပ်ချုပ်ဖြစ်လာတာပါ။

အဲဒီမတိုင်ခင်ကတော့ စစ်ဦးစီးအရာရှိချုပ်(ရေ)၊ တနင်္သာရီ ရေတပ်စခန်းဌာနချုပ်မှူး၊ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှူး စတဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကပဲ စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းတဲ့အတွက် ချီးမြှင့်တဲ့ ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခံထားရပါတယ်။

ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို ရာထူးကနေ အနားပေးပြီး အပြောင်းအလဲထပ်လုပ်ရင်တော့ အရင်ကာလတွေမှာ သက်တမ်း သုံးနှစ်ကနေ ငါးနှစ်ကြာမှပဲ အပြောင်းအလဲ လုပ်လေ့ရှိတဲ့ ရေတပ်ဦးစီးချုပ်ရာထူးကို လက်ရှိစစ်အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း သုံးကြိမ်မြောက် ပြောင်းလဲမှုဖြစ်လာမှာ လည်းဖြစ်ပါတယ်။