ဧရာဝတီမြစ်ရေ ၂၄ နာရီအတွင်း ဟင်္သာတမြို့ရဲ့ စိုးရိမ်ရေအမှတ်ကို ရောက်မယ်

Photo – Social Media

ဇူလိုင် ၊ ၁၃

ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့မှာ ၄၃ ပေကို ရောက်ရှိလာနေပြီး မကြာခင်မှာ စိုးရိမ်ရေ အမှတ်ကို ရောက်လာနိုင်တယ်လို့ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားပါတယ် ။

လက်တလော ဟင်္သာတမြို့ရဲ့ ရာသီဥတု အခြေအနေကတော့ ပုံမှန်အခြေအနေမှာ ရှိနေပြီး မြစ်ရေကတော့ ဆက်တိုးနေတုန်းပဲလို့ ဟင်္သာတမြို့ခံတဦးက DNA ကိုပြောပါတယ်။

“မိုးက တနေ့တကြိမ် ၊ တခါရွာ နာရီဝက်လောက်ပဲ ရွာတယ် ၊ ရွာပြီး နေပြန်ပူတာပဲ ။ လေမိုးသည်းထန်တာ မရှိဘူး ။ ဒါပေမယ့် ရေက ဆက်တိုးနေတုန်းပဲ ၊ ဒီလိုတိုးနေပုံနဲ့ဆို တနင်္လာနေ့လောက်ဆို စိုးရိမ်မှတ်ကို ကျော်သွားဖို့များတယ်လို့” ဆိုပါတယ် ။

ဧရာဝတီမြစ် နဲ့ ဟင်္သာတမြို့ကြားမှာ မြေသားရေကာတာတွေနဲ့ ကာရံထားပြီး မြို့ရဲ့ စိုးရိမ်ရေအမှတ်ကို ၄၄ ပေ အဖြစ် သတ်မှတ်ထားပါတယ်။

လက်တလော အခြေအနေမှာ ဧရာဝတီမြစ် အထက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် မြစ်ဖျားပိုင်း မြစ်ကြီးနာကနေ စတင်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာခဲ့ရာ ရေကြီးမှုတွေဟာ မြန်မာပြည်အလည်ပိုင်း မန္တလေးတိုင်းထဲကို ရောက်လာနေပြီ ဖြစ်ပါတယ် ။ ဟင်္သာတမြို့ နယ်ထဲက တာပြင်ဧရိယာတွေမှာတော့ မြစ်ရေတိုးလာတာနဲ့ အတူ ကမ်းပြိုမှုတွေ ဆက်တိုက် ဖြစ်နေပါတယ် ။

“ဖေါင်ဆိပ်မှာ ကမ်းတွေပြိုတယ် ။ အလုံးတရာကျော်သွားပြီး အိမ်တွေရွှေ့ရတာ ။ ဘုန်းကြီးကျောင်းလည်း ပြိုသွားပြီ”လို့ ရေဘေးကူညီဆောင်ရွက်ပေးနေသူ တဦးက ပြောပါတယ် ။

ဧရာဝတီမြစ်အထက်ပိုင်း မိုးရွာသွန်းမှုကြောင့် ဆက်လက် စီးဆင်းလာတဲ့ မြစ်ရေတွေဟာ ဧရာဝတီတိုင်းအတွင်း ရောက်လာချိန် ပင်လယ်ဒီရေတိုးချိန်နဲ့ တိုက်ဆိုင်တဲ့အခါ ပင်လယ်ထဲကို ဆက်မစီးနိုင်ပဲ မြစ်ရေကြီးချိန် ကြာမြင့်တတ်ပါတယ် ။

အဲဒီလို အခြေအနေမျိုးမှာ ဧရာဝတီတိုင်းအတွင်းက ဟင်္သာတခရိုင် ၊ ပုသိမ်ခရိုင် ၊ မအူပင်ခရိုင်တွေရဲ့ တာပြင်ဧရိယာတွေမှာ နေထိုင်သူတွေ ရေဘေးအန္တာရယ်ကို ရင်ဆိုင်နိုင်ရချေ ရှိနေတာ ဖြစ်ပါတယ် ။