တန့်ယန်းက စစ်သင်တန်းကျောင်းရှိရာ မန်ကတ်တပ်စခန်းကို TNLA စတင်တိုက်ခိုက်

ဇူလိုင် ၊ ၁၁

ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်ထဲက မန်ကတ်နဲ့ မန်ပတ် တပ်စခန်းတွေကို မနေ့ကတိုက်ခိုက်ခဲ့တယ် လို့ တအာင်းတပ် TNLA ကထုတ်ပြန်ထားပါတယ်။

တန့်ယန်းမြို့နယ် အနောက်ခြမ်းက မန်ကတ်ကျေးရွာဟာ စစ်ကောင်စီရဲ့ အမှတ်(၈)တပ်မတော်တန်းမြင့်လေ့ကျင့် ရေးသင်တန်းကျောင်းရှိရာနေရာဖြစ်ပြီး အဲ့ဒီသင်တန်းကျောင်းမှာ  စစ်မှုထမ်းသင်တန်း အပတ်စဉ်(၃)သင်တန်းသား တွေကို စစ်သင်တန်းပေးနေတာရှိပါတယ်။

ရှမ်းမြောက်မှာပါ သင်တန်းတွေတိုးချဲ့ဖွင့်လှစ်လာတဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၃)သင်တန်း တွေစတင်ချိန် ဇွန်လ ၂၅ရက်မှာ TNLA နဲ့ပူးပေါင်းတပ်တွေက၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်တိုက်ပွဲတွေ စတင် ခဲ့တာဖြစ်ပြီး လဝက်လောက် အကြာမှာ တန့်ယန်းက စစ်မှုထမ်းသင်တန်းရှိရာတပ်စခန်းကိုပါ တိုက်ခိုက်မှုလုပ်ခဲ့ တာပါ။

မနေ့ကတိုက်ပွဲနဲ့ပတ်သက်လို့တော့ TNLA က အသေးစိတ်ထုတ်ပြန်တာမရှိသေးဘဲ စစ်ကောင်စီရဲ့ မန်ကတ်စခန်း နဲ့ မန်ပတ်စခန်းတို့ကို တိုက်ခိုက်ခဲ့တာလို့ပဲဖော်ပြထားပါတယ်။ TNLA တပ်မဟာ (၆)လက်အောက်ခံတပ်တွေ စစ်ရေးလှုပ်ရှားမှုရှိတဲ့ တန့်ယန်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလတုန်းကလည်း စစ်ကောင်စီတပ်စခန်းတချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပါတယ်။

လက်ရှိတိုက်ပွဲကာလမှာတော့ တန့်ယန်းမြို့နယ်ထဲမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာမရှိသေးဘဲ စစ်ကောင်စီ ဘက်က လက်နက်ကြီးပစ်ခတ်မှုတွေတော့ရှိတယ်လို့ TNLA ထုတ်ပြန်ချက်တွေအရသိရပါတယ်။

စစ်ကောင်စီဟာ မန်ကတ်စခန်း နေရာကို စိုးမိုးထားတဲ့ လွယ်လိန်းတောင်ဘက်ကို ဇူလိုင် ၄ရက်က လက်နက် ကြီး သုံးလုံး၊ မန်ကတ်စခန်းအနီးကနားဆောင်ရွာဘက်ကို ဇူလိုင် ၉ရက်ကလက်နက်ကြီးရှစ် ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။ နားဆောင်ရွာဟာ စစ်ကောင်စီရဲ့ အမှတ်(၈)တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းရှိရာ မန်ကတ် စခန်းနဲ့ သုံးမိုင်ဝန်းကျင်လောက်သာ ကွာဝေးပါတယ်။

တန့်ယန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့အခြေချစစ်ဗျူဟာ၊ခမရ ၃၂၆၊ခမရ ၅၂၃ အပါအဝင် တပ်ရင်းသုံးခု လောက်အခြေစိုက်ထားသလို တန်းမြင့်စစ်သင်ကျောင်းရှိတဲ့ မန်ကတ်နဲ့မန်ပတ်တို့မှာလည်း စစ်ကောင်စီ တပ် တချို့ရှိနေပါတယ်။

သီပေါ၊လားရှိုးမြို့နယ်တွေနဲ့လည်း ဆက်စပ်နေတဲ့ သံလွင်မြစ်အနောက်ဘက်ကမ်းပေါ်က တန့်ယန်း၊မိုင်းရယ် စတဲ့ မြို့နယ်တွေမှာ ၁၀၂၇ ဒုတိယလှိုင်းတိုက်ပွဲတွေ မစတင်မီနဲ့ စစ်ဆင်ရေးကာလအတွင်း TNLAနဲ့ ကိုးကန့်တပ် MNDAA တို့ စစ်ရေးလှုပ်ရှားမှုတွေရှိနေကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ရေးသားခဲ့ကြ တာတွေ့ရပါတယ်။

ညီနောင်မဟာမိတ်တပ်တွေအနေနဲ့ လားရှိုးမြို့ကို တိုက်ခိုက်ချိန်မှာ စစ်ကောင်စီ စစ်ကူတွေကိုဖြတ်တောက် ပိတ် ဆို့နိုင်ဖို့အတွက် တန့်ယန်း-လားရှိုးနဲ့ တန့်ယန်း-မိုင်းရယ်-နမ္မဗေါဒလမ်းပိုင်းတွေမှာ စစ်ရေးလှုပ်ရှားမှုလုပ်လာတာ လို့ သူတို့ကဆိုပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအရ လူသစ်စုဆောင်းမှုတွေကို တန့်ယန်းမြို့နယ်ထဲမှာလည်း စစ်သင်တန်း တက် ဖို့ဖိအားပေးစာရင်းကောက်ယူတာတွေလုပ်ခဲ့တာကြောင့် တန့်ယန်းမြို့နယ်ဒေသခံတွေက ဧပြီလအတွင်း ဆန့် ကျင်ဆန္ဒပြခဲ့ကြပါသေးတယ်။

ဒါ့အပြင် စစ်မှုထမ်းဖို့အတွက် လူစာရင်းကောက်ယူမှုတွေကိုဆိုင်းငံ့ပေးဖို့လည်း တန့်ယန်းမြို့နယ်အခြေစိုက် အရပ် ဘက်အဖွဲ့တွေ၊ တောင်သူလယ်သမားကွန်ရက်နဲ့ ဒေသခံတွေက သဘောထားထုတ်ပြန်ချက်တရပ်ထုတ်ပြန် ခဲ့ပါတယ်။