ချင်းတော်လှန်ရေးတပ် CNA ဖမ်းဆီးသွားတဲ့ တပ်ဖွဲ့ဝင်နှစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ YDF တိုက်တွန်း

Photo – YDF (တိုက်ပွဲကပြန်လာတဲ့ YDF တပ်ဖွဲ့ဝင်တွေကို ဒေသခံတွေကြိုဆိုနေကြစဉ်။ ပုံဟောင်း )

ဇူလိုင်၊ ၉

ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့ဝင်တွေက ယောဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ YDF တပ်ဖွဲ့ဝင် နှစ်ဦးကို ဇူလိုင် ၇ရက်ကတည်းက ဖမ်းဆီးသွားတာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ YDF တပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

ယောဒေသကာကွယ်ရေးတပ် YDF တပ်ဖွဲ့က ထောက်ပို့မှူး ကိုအုပ်သိန်းနဲ့ ရဲဘော် ကိုအောင်သက်ခိုင်တို့ဟာ တပ် ဖွဲ့ကပေးအပ်လိုက်တဲ့ တာဝန်အရ ဂန့်ဂေါမြို့နယ် ရောင်နက် ကျေးရွာအနီးတဝိုက်ကို သွားနေချိန်မှာ ဖမ်းဆီးခံ ရတာလို့ သိရပါတယ်။

အဲ့ဒီတပ်ဖွဲ့ဝင် နှစ်ဦးကို CNA ဘက်ကအကြောင်းအရင်းခိုင်လုံမှုမရှိဘဲ ဖမ်းဆီးးထားတာလို့လည်း YDF ရဲ့ ထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး CNA တပ်မဟာမှူးတဦးကို YDF တာဝန်ရှိသူတွေက ဆက်သွယ်မေးမြန်းပေမယ့် ဘာကြောင့် ဖမ်းတယ်ဆိုတာမသိရတဲ့အကြောင်းသာ ဖြေကြားတယ်လို့ ဆိုပါတယ်။

“ပြစ်မှုရှိတာမဟုတ်ဘူး၊ပြစ်မှုတော့မရှိဘူး၊ကျနော်တို့တောင်မှ မမေးရဘူးလေ၊ဘာမှမမေးနဲ့မသိရဘူး”လို့ CNA တပ်မဟာမှူးက သူ့ဆီဆက်သွယ်မေးမြန်းခဲ့တဲ့ YDF တာဝန်ရှိသူတွေဆီ ဖြေကြားတယ်လို့လည်း ဖော်ပြထားပါ တယ်။

CNAအပါအဝင် မည်သည့်တော်လှန်ရေးအဖွဲ့ကို မဆို ဘုံရန်သူ တိုက်ထုတ်နေတဲ့ တော်လှန်ရေး လက်တွဲဖော် တွေအဖြစ်သာ သတ်မှတ်ထားတယ်လို့ ယောဒေသကာကွယ်ရေးတပ် YDF က ဆိုပါတယ်။

မကွေးတိုင်း ယောဒေသအခြေစိုက်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ ဖွဲ့စည်းခဲ့တဲ့ YDF တပ်ဖွဲ့ဟာ အာရက္ခ တပ်တော် AA ရဲ့မဟာမိတ်တပ်ဖွဲ့တခုအဖြစ် ပလက်ဝဒေသ စခန်းသိမ်းးတိုက်ပွဲတွေမှာ ပါဝင်ခဲ့သလို AA နဲ့ချင်း တော်လှန်ရေးတပ်တွေပါဝင်ခဲ့တဲ့ ချင်းညီနောင်စစ်ဆင်ရေးတိုက်ပွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။

လက်ရှိမှာ ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ CNAတပ်ဖွဲ့ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ မဟာမိတ်တပ်တွေ ကြား ပဋိပက္ခတွေရှိနေပြီး နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေအပြင် ထိတွေ့တိုက်ပွဲတွေပါ ဖြစ်ခဲ့ပြီး နှစ်ဖက် သေဆုံး ထိခိုက်မှုတွေလည်းရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း မတူပီမြို့ကို ချင်းညီနောင်မဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ချိန်မှာလည်း နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပြီး အပြန်အလှန် ပြစ်တင်စွပ်စွဲထားကြပါတယ်။ယောဒေသကာကွယ်ရေးတပ် YDF ဟာ မတူပီမြို့သိမ်းတိုက်ပွဲမှာလည်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိမှာ YDF တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးထားတယ်ဆိုတာနဲ့ ပတ်သက်လို့ ချင်းအမျိုးသားတပ်မတော် CNAဘက် က တစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးသလို CNA တာဝန်ရှိသူတွေကိုလည်း DNA က ဆက်သွယ်လို့မရ သေး ပါဘူး။

ယောဒေသကာကွယ်ရေးတပ် YDF ကတော့ သူတို့တပ်ဖွဲ့ဝင်နှစ်ဦးကို CNAဘက်က အခုလိုအကြောင်းမဲ့ဖမ်းဆီး သွားတာဟာ မဖြစ်သင့်တဲ့လုပ်ရပ်လို့ ဝေဖန်ထားပါတယ်။

အခုလို တော်လှန်ရေး အဖွဲ့အစည်းတွေအကြား မညီမညွတ်ဖြစ်နေမယ်ဆိုရင် ရန်သူဖြစ်တဲ့ စစ်ကောင်စီ အားရ အောင် လုပ်ဆောင်နေတဲ့ သဘောသက်ရောက်သွားလိမ့်မယ်လို့လည်းဆိုပါတယ်။

ဒါကြောင့် တော်လှန်ရေးအဖွဲ့အစည်းတွေအကြား မညီညွတ်မှု၊ ပဋိပက္ခ တွေ ကို ရှောင်ရှားနိုင်ဖို့အတွက် ဖမ်းဆီးခံ ထားရတဲ့ တပ်ဖွဲ့ဝင်နှစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ YDF ရဲ့ ထုတ်ပြန် ချက် မှာတိုက်တွန်းထားပါတယ်။