Photo – MDY-PDF
ဇူလိုင်၊ ၉
မန္တလေးတိုင်း မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တွေထဲက လတ်တလောတိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ထပ်မံအထိနာ ခဲ့ပြီး ဗိုလ်ကြီးတဦးနဲ့ တပ်သားသုံးဦးကို ဖမ်းမိသလို လက်နက်ခဲယမ်းတွေလည်း ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ MDY-PDF က ဒီကနေ့ အသိပေးပါတယ်။
တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မိုးကုတ်-မန္တလေးလမ်း ပေါ်က မတ္တရာမြို့အဝင် ရေနံ့သာတိုးဂိတ်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်အထိနာပြီးပြန်ဆုတ်သွားအောင် တိုက်ခိုက်နိုင်ခဲ့တဲ့အပြင် ပင်လယ်ကြီး တပ် စခန်းကနေ ထွက်ပြေးသူတွေကို လိုက်ခံတိုက်ခိုက်ရာမှာ သုံ့ပန်းလေးဦးဖမ်းမိခဲ့တာလို့ သိရပါတယ်။
ရေနံ့သာတိုးဂိတ်တိုက်ပွဲအတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းပြန်ဆုတ်သွားတဲ့နောက် အလောင်း ခုနစ်လောင်းနဲ့ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိခဲ့သလို ပင်လယ်ကြီးစခန်းက ထွက်ပြေးသူတွေကို လိုက်လံ တိုက်ခိုက်ရာမှာလည်း သုံ့ပန်းလေးဦး၊အလောင်းနှစ်လောင်းနဲ့ လက်နက်ခဲယမ်းတွေရခဲ့သေးတယ်လို့ဆိုပါတယ်။
ဒီတိုက်ပွဲနှစ်ခုကနေ သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းအရေအတွက်ကို အတိအကျ ဖော်ပြမထားပေမယ့် MDY-PDF က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေအရ ရေနံ့သာတိုးဂိတ်တိုက်ပွဲကနေ လက်နက်ငါးလက်နဲ့ RPG ထိပ်ဖူးတ ဒါဇင်ကျော်အပါအဝင် ခဲယမ်းတချို့ ရရှိထားတာတွေရပါတယ်။
ပင်လယ်ကြီးစခန်းကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေကိုလိုက်ခံတိုက်ခိုက်မှုမှာတော့ ချေမှုန်းရေးရိုင်ဖယ် သေနတ် ၁၂လက်နဲ့ ခဲယမ်း၊စစ်အသုံးအဆောင်တွေ သိမ်းဆည်းရရှိထားတာတွေ့ရပါတယ်။
အလားတူ မတ္တရာမြို့နယ်အတွင်း တိုက်ပွဲတွေမှာ ဇူလိုင် ၆ရက်က စစ်ကောင်စီသံချပ်ကာတစီးကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖကလည်း ထုတ်ပြန်ထားပါသေးတယ်။
စစ်ကောင်စီအလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်တဲ့ မန္တလေးမြို့ကနေ မတ္တရာမြို့ဘက် စစ်ကူလာတဲ့ သံချပ် ကာ သံချပ်ကာနှစ်စီးပါစစ်ကြောင်းထဲက သံချပ်ကာ တစီးကို RPG နဲ့ပစ်ခတ်ရာမှာယာဉ်ဘီးတွေပျက်စီးပြီး ပြန်ဆွဲ သွားရသလို စစ်ကူတပ်ဖွဲ့လည်း နောက်ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇူလိုင် ၆ရက်နဲ့ ၇ရက် ဖြတ်တောက်ပိတ်ဆို့ရေးတိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်ဆီက လက်နက် ကိုးလက်နဲ့ စစ်သုံ့ပန်းတချို့ကို ဖမ်းမိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က အသိပေးထားပါတယ်။
စစ်ကောင်စီကတော့ တိုက်ပွဲပြင်းထန်ရာနေရာတွေအပြင် မြေပြင်တိုက်ပွဲမရှိတဲ့နေရာတွေကိုပါ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေနဲ့ မြေပြင်အခြေ အနေသိရှိသူတွေကပြောကြပါတယ်။
စစ်ကောင်စီက မတ္တရာမြို့နယ် အုတ်ဖို(ရွာသစ်)နဲ့ သန်းကုန်းကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် တာကြောင့် အုတ်ဖို(ရွာသစ်)မှာနေထိုင်တဲ့ကလေးတဦး သေဆုံးခဲ့ပြီး သန်းကုန်းရွာက စာသင်ကျောင်းအပါအဝင် နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ MDY-PDF ကပြောပါတယ်။
အလားတူ စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီစခန်းတွေက တော်လှန်ရေးတပ်တွေက ဆက်တိုက်သိမ်းယူခဲ့တဲ့ နောက် တိုက်ပွဲမရှိတဲ့ စဉ့်ကူးမြို့ပေါ်က ထွေအုပ်ရုံးနဲ့ မီးသတ်ဝန်ထမ်းအိမ်ရာနဲ့ ရဲစခန်းအနီးတဝိုက်တို့ကို စစ် ကောင်စီကဒီကနေ့မနက် ခုနစ် နာရီလောက်မှာ Y-12လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖက ထုတ်ပြန်ထားပါ သေး တယ်။