ဂါဇာမှာ အပစ်ရပ်ရေး ဆွေးနွေးမှု အလားအလာတွေ အားကောင်းလာနေ

ဇူလိုင် ၊ ၆

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ ရလဒ်ကောင်းနဲ့ တကျော့ပြန် နီးစပ်လာနေကြောင်း သိရပါတယ်။

အစ္စရေး ထောက်လှမ်းရေးဌာန မော့ဆက်ဒ်ရဲ့ အကြီးအကဲဖြစ်သူ ဒေးဗစ် ဘာနီရာဟာ ကာတာနိုင်ငံ၊ ဒိုဟာမြို့တော်ဆီ တဦးတည်း သွားရောက်ပြီး ကာတာဝန်ကြီးချုပ် မိုဟာမက် ဘင် အက်ဘ်ဒူလ်ရာမန် အယ်လ်သာနီနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကာတာဟာ အစ္စရေးနဲ့ ဟားမားစ် ပြောက်ကျားတွေကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ အဓိက ကြားဝင် စေ့စပ်ပေးနေတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။

ကာတာရဲ့ ဦးဆောင်မှုနဲ့အတူ ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေဟာ အရင်ကလည်း တိုးတက်ဖို့ လမ်းစတွေ မြင်ခဲ့ရပြီးမှ အသေးစိတ် ညှိနှိုင်းမှုတွေ အဆင်မပြေဘဲ ပျက်ပြယ်သွားတာမျိုးတွေ ကြုံခဲ့ဖူးပါတယ်။

ဘာနီရာဟာ ဒိုဟာကနေ ပြန်လည် ထွက်ခွာလာတဲ့ နောက်မှာတော့ အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူက အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ နှစ်ဖက် တောင်းဆိုထားတဲ့ အချက်အလက်တွေကြားမှာ ကွဲပြားမှုတချို့ ကျန်နေဆဲလို့ မတင်မကျ မှတ်ချက် ပေးခဲ့ပါတယ်။

တချို့ အစ္စရေး အစိုးရ အရာရှိတွေကလည်း အပစ်ရပ် မျှော်လင့်ချက် တကျော့ပြန် နီးစပ်လာပေမယ့် အလွန်အကျွံ မျှော်လင့်မထားသင့်သေးဘူးလို့ သတိပေးခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးမှာ အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် အဆင့် ၃ ခုနဲ့ ဆောင်ရွက်မယ့် အဆိုပြုချက် တခုကို ပေးပို့ထားခဲ့ပြီး အခုအခါ ဟားမားစ်တွေဖက်က အဲဒီ အဆိုပြုချက်နဲ့ ပတ်သက်လို့ တုံ့ပြန် တောင်းဆိုမှုတွေ ရှိလာပါတယ်။

ဟားမားစ်တွေဖက်က တုံ့ပြန်တောင်းဆိုမှု အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် အစ္စရေးရဲ့ သဘောထားကတော့ အရင် ကမ်းလှမ်းချက်တွေထက် အပေါင်းလက္ခဏာ ပိုဆန်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဂါဇာစစ်ပွဲကို အကြောင်းပြုပြီး အစ္စရေးဟာ လက်ဘနွန် အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်တဲ့ ဟစ်ဇ်ဘိုလာနဲ့ပါ တင်းမာမှုတွေ ပိုမိုမြင့်တက်လာနေတာကြောင့် အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်ဖို့ဟာ နိုင်ငံတကာ အသိုက်အဝန်းအတွက် ပိုပြီး ဖိအားကြီးမားတဲ့ တောင်းဆိုမှုမျိုး ဖြစ်လာနေပါတယ်။

Ref: BBC