ဂါဇာကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အကြီးတန်းစစ်သွေးကြွတစ်ဦး အပါအဝင် ဆယ်ဦး သေဆုံး

Photo- AP

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဩဂုတ်လ ၅ရက်နေ့က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အကြီးတန်းစစ်သွေးကြွတစ်ဦးအပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းအရာရှိတွေက ပြောပါတယ်။ 

မကြာသေးမီက အကြီးတန်းစစ်သွေးကြွတစ်ဦးကို ဖမ်းဆီးပြီးနောက် အစ္စလာမ်ဂျီဟတ်စစ်သွေးကြွအဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ အစ္စရေးဘက်က ပြောဆိုထားပါတယ်။

နာရီအတော်ကြာပြီးတဲ့နောက် အစ္စရေးမှာ လေကြောင်းတိုက်ခိုက်မှု ဥသြသံတွေ မြည်နေတဲ့အချိန်မှာပဲ ပါလက်စတိုင်း စစ်သွေးကြွတွေကလည်း အစ္စရေးဘက်ကို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ အစ္စလာမ် ဂျီဟတ်တွေက ဒုံးကျည် အစင်း ၁၀၀ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဂါဇာစီးတီးမှာ အထပ်မြင့် အဆောက်အအုံ ၇ ထပ်ကနေ မီးခိုးတွေထွက်ပေါ်နေပြီး ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အစ္စရေးစစ်တပ်က ထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့ စစ်သွေးကြွလို့ သံသယရှိသူတွေနဲ့ အစောင့်မျှော်စင် ၃ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာကို ပြသထားပါတယ်။

နိုင်ငံလုံးဆိုင်ရာ ရုပ်မြင်သံကြား မိန့်ခွန်းမှာ အစ္စရေးဝန်ကြီးချုပ် Yair Lapid က သူ့ရဲ့နိုင်ငံဟာ တိကျခိုင်မာတဲ့ ခြိမ်းခြောက်မှုတွေကို အခြေခံပြီး ခုလိုတိုက်ခိုက်မှုတွေ စတင်ခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဂါဇာကမ်းမြောင်ကနေ အစ္စရေးပိုင်နက်ဆီ ဦးတည်တိုက်ခိုက်ဖို့ ကြိုးပမ်းမှုမှန်သမျှကို အစ္စရေးအစိုးရက လုံးဝသည်းမခံတဲ့ မူဝါဒရှိပါတယ်၊ သူ့ရဲ့ အရပ်သားတွေကို ဒုက္ခပေးဖို့ ကြိုးစားနေတဲ့သူတွေရှိတဲ့အခါ အစ္စရေးက အေးအေးဆေးဆေး ထိုင်နေမှာ မဟုတ်ဘူး” လို့ Lapid က ပြောဆိုထားပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ၅ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၅၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဂါဇာရှိ ဒေသန္တရကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ပါလက်စတိုင်း အစ္စလာမ် ဂျီဟတ်လှုပ်ရှားမှုရဲ့ အကြီးတန်းတပ်မှူးတစ်ဦးလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Tel Aviv မြို့အပါအဝင် အစ္စရေးမြို့ကြီးတွေကို ဩဂုတ်လ ၅ရက်နေ့က ဒုံးကျည် ၁၀၀ ကျော် ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ ဂါဇာ အစ္စလာမ် ဂျီဟတ်စစ်သွေးကြွအဖွဲ့ က ပြောပါတယ်။ 

 အစ္စရေးနဲ့ ဂါဇာရှိ စစ်သွေးကြွ ဟားမတ်စ် အုပ်စိုးရှင်တွေဟာ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း စစ်ပွဲ ၄ ကြိမ်နဲ့ သေးငယ်တဲ့ တိုက်ပွဲအကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။