သံတွဲ၊ ငပလီရှိဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းရှင်တွေဆီက အယောင်ဆောင်ငွေလိမ်လည် တောင်းခံနေတာတွေချက်ချင်းရပ်တန့်ဖို့ သတိပေးလိုက်တဲ့ AA

အရာရှိသင်တန်းဆင်းပွဲတခုမှာတွေ့ရတဲ့AAတပ်ဖွဲ့ဝင်တချို့

Photo-AA Info Desk

ဇူလိုင်၊ ၂

သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းရှင်တွေဆီက အာရက္ခတပ်တော် ( AA)အယောင်ဆောင်ပြီး အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံကောက်ယူနေတဲ့လုပ်ရပ်တွေချက်ချင်းရပ်တန့်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)ကထုတ်ပြန်သတိပေးလိုက်ပါတယ်။

 သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းရှင်တွေထံမှ အခွန်နဲ့ငွေကြေးတောင်းခံတာမရှိဘူးဆိုတာမိဘပြည်သူတွေကိုလေးစားစွာအသိပေးအပ်တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။

ULA/AA နာမည်ကိုအသုံးပြုပြီး အယောင်ဆောင် ငွေလိမ်တောင်းခံနေတဲ့သူတွေအနေနဲ့ အခုလိုလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့လည်းသတိပေးထားတာပါ။

အာရက္ခတပ်တော်(ULA/AA)အနေနဲ့သံတွဲမြို့ရှိ စစ်ကောင်စီစခန်းများအပါအဝင် သိမ်းပိုက်ရန် ကျန်ရှိနေသေးတဲ့ အခြားမြို့များရှိ စစ်စခန်းအားလုံးကို မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်နေလို့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ AAကဆိုပါတယ်။

တိုက်ပွဲများပြင်းထန်နေတာကို အခွင့်ကောင်းယူပြီး မသမာသူ အုပ်စုတစ်စုက ULA/AA နာမည်ကိုအသုံးပြုကာခြိမ်းခြောက်ငွေညှစ်တောင်းခံတာတွေထပ်မံရှိလာပါက ULA/AA ဗဟိုဌာနချုပ်နဲ့ သံတွဲဒေသ တာဝန်ခံများထံအချိန်မရွေး တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်တာ်လို့ အသိပေးထုတ်ပြန်ခဲ့တာပါ။

တကျော့ပြန်တိုက်ပွဲ၇လကျော်ကာလမှာ AAကရခိုင်ပြည်နယ်၉မြို့နယ်နဲ့ ချင်းတောင်ပိုင်းပလက်ဝမြို့နယ်ကိုသိမ်းပိုက်ထားပါတယ်။

လက်တလောမှာလည်း သံတွဲ၊တောင်ကုတ်၊အမ်းနဲ့မောင်တောမြို့တွေကို ထိုးစစ်ဆင်နေတာပါ။

နာမည်ကျော်ခရီးသွားဒေသသံတွဲမြို့နယ်မှာလည်းAAက နယ်မြေအများစုကိုသိမ်းပိုက်ထားပြီး မြို့ကိုသိမ်းပိုက်နိုင်ဖို့ လက်တကမ်းသာလိုတော့တာဖြစ်ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းဖြစ်ပြီး AAကတော့လက်နက်ကိုင်တပ်ဖြစ်ပါတယ်။