မြောက်ကိုရီးယား စမ်းသပ်တဲ့ဒုံးကျည် နိုင်ငံပိုင်နက်ထဲမှာတင် ပျက်ကျခဲ့ဖွယ် ရှိတယ်လို့ဆို

ဇူလိုင်၊ ၁

မြောက်ကိုရီးယားက စမ်းသပ်ပစ်ခတ်တဲ့ ဒုံးကျည်တစင်းဟာ ချွတ်ချော်မှားယွင်းမှု ဖြစ်ပွားပြီး နိုင်ငံပိုင်နက် ကုန်းတွင်းပိုင်းကို ကျရောက်ခဲ့ဟန် ရှိတယ်လို့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက ထုတ်ပြန်ခဲ့ပါတယ်။ 

ဇူလိုင်လ ၁ ရက်နေ့ မနက်အစောပိုင်းက မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည် နှစ်စင်းကို စမ်းသပ် ပစ်ခတ်ခဲ့ပြီး တစ်စင်းက ပုံမှန် မဟုတ်တဲ့ လမ်းကြောင်းမျိုးနဲ့ ခရီးတိုလောက်သာ ပျံသန်းခဲ့ပြီး ရေဒါ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ဆိုပါတယ်။

အဲဒီဒုံးကျည်ဟာ လေထဲမှာ ပေါက်ကွဲပြီး မြောက်ကိုရီးယား ကုန်းတွင်းပိုင်း တနေရာကို အပျက်အစီးတွေ ကျရောက်သွားခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ယုံကြည်နေပါတယ်။

ဒါပေမဲ့ အဲဒီလို ချွတ်ယွင်းချက် တကယ်ပဲ ဖြစ်ပေါ်ခဲ့သလား ဆိုတာကို အတည်မပြုနိုင်သေးသလို မြေပြင်မှာ ထိခိုက်သေကြေမှုတွေ ရှိခဲ့သလား ဆိုတာကိုလည်း မသိရသေးပါဘူး။

တောင်ကိုရီးယား ပူးတွဲစစ်ဆင်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ အနောက်ဖက် ကမ်းခြေကနေ အရှေ့မြောက်ဖက်ကို လွှတ်တင်လိုက်တဲ့ ဒုံးကျည်နှစ်စင်းအနက် တစင်းဟာ ကီလိုမီတာ ၆၀၀ လောက် ခရီးပေါက်အောင် ပျံသန်းခဲ့ပေမယ့် နောက်တစင်းကတော့ ကီလိုမီတာ ၁၂၀ လောက် ရောက်ရှိပြီးချိန် ပေါက်ကွဲ ပျက်စီးသွားတာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

တနည်းအားဖြင့် ဒုံးကျည်ဟာ မြောက်ကိုရီးယားရဲ့ မြို့တော် ပြုံယမ်းနား တဝိုက် တနေရာရာကို ကျဆင်းသွားတယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ အဲဒီလို တကယ်ပဲ ကြုံတွေ့ခဲ့သလား ဆိုတာကိုတော့ တောင်ကိုရီးယား စစ်ဘက်က အတိအကျ အတည်မပြုနိုင်ပါဘူး။

မြောက်ကိုရီးယားရဲ့ ရန်လိုမှု သဘောထားဆန်တဲ့ ဒုံးကျည်စမ်းသပ်မှုတွေဟာ ဒေသတွင်း တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုတွေကို အကြီးအကျယ် ခြိမ်းခြောက်ရာ ရောက်နေတာကြောင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း တောင်ကိုရီးယား စစ်ဘက်က ကြေညာခဲ့ပါတယ်။

မကြာသေးခင်ကလည်း မြောက်ကိုရီးယား ဒုံးကျည်တစင်းဟာ ပစ်လွှတ်ချိန်မှာ သာမန်ထက် မီးခိုးတွေ ပိုထွက်ခဲ့ပြီး ပေါက်ကွဲသွားခဲ့ဟန် ရှိတာကြောင့် စမ်းသပ်မှု မအောင်မြင်ခဲ့ဘူးလို့ တောင်ကိုရီးယားက ကောက်ချက် ချခဲ့ပေမယ့် မြောက်ကိုရီးယားကတော့ အဲဒီဒုံးကျည်ဟာ ကွဲပြားတဲ့ ပစ်မှတ်တွေဆီ တပြိုင်တည်း တိုက်ခိုက်နိုင်တဲ့ တခုထက်မကတဲ့ ထိပ်ဖူးတွေ တပ်ဆင်ထားတဲ့ အမျိုးအစားဖြစ်ပြီး စမ်းသပ်မှု ရလဒ်က အပြည့်အဝ အောင်မြင်ခဲ့ကြောင်း တုံ့ပြန်ခဲ့ဖူးပါတယ်။

Ref: CAN