အာဏာဝဲဂယက်တွေကြားက သီတဂူတရား၊သီတဂူစကား

ဇူလိုင်၊ ၁
 
“အေးအေးချမ်းချမ်း သည်းခံခြင်း၊ခွင့်လွှတ်ခြင်း၊မေ့ဖျောက်ခြင်းဖြင့် ဒီအမှုကိစ္စကြီးကိုပျောက်ပျက်အောင် နှလုံး သွင်းတော်မူကြပါ”
 
အဓမ္မအာဏာသိမ်းမှု၊လက်နက်ကိုင်တော်လှန်မှုတွေကြောင့်နိုင်ငံတဝန်းစစ်မှုဟုန်းဟုန်းတောက်နေချိန်ထင်ရှား ကျော်ကြားသည့် ဗုဒ္ဓဘာသာဆရာတော်တပါးက ထိုသို့မိန့်ကြားသဖြင့် သံဃာထုရော လူထုကြာမှာပါပွဲဆူသွား သည်။
 
အနှီဆရာတော်ကြီးက အရပ်ဘက်ခေါင်းဆောင်တွေကိုဖမ်းဆီးချုပ်နှောင်အာဏာသိမ်းခဲ့ပြီး ဆန့်ကျင်သူတွေကို လည်း ဖမ်းဆီး၊နှိပ်စက်၊ညှင်းပန်းသတ်ဖြတ်နေသည့် စစ်တပ်ကို ထိုသို့မိန့်ကြားခြင်းမဟုတ်ပါ။
 
ထို့အတူ လက်နက်ကိုင်တော်သူတွေနှင့် အာဏာသိမ်းစစ်တပ်တို့အကြား ပြေလည်ငြိမ်းအေးစေဖို့ ဗုဒ္ဓ သားတော် ရဟန်းတပါးပီပီ စစ်မီးကိုတရားရေအေးဖြင့် ငြှိမ်းသတ်ရန်ကြိုးပမ်းခဲ့ခြင်းလည်းမဟုတ်ချေ။
 
ပရိယတ္တိသာသနာရေးနယ်ပယ်တွင်ထင်ရှားပြီး တပည့်သံဃာထောင်ချီမွေးထုတ်ခဲ့သည့် ဆရာတော်တပါး အာဏာ သိမ်းစစ်တပ်လက်ချက်ဖြင့် ပျံလွန်ခဲ့ရသည့်အပေါ် သံဃာထုက “မေ့ဖျောက်”ပေးကြဖို့ မိန့်ကြားနေခြင်းသာဖြစ်သည်။
 
ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်ခဲ့သည့်အပေါ် သံဃာတော်တွေ သည်းခံကြဖို့ သာသနာတော်တခုလုံး အနာဂတ် နှင့်ပါ ကိုင်လှုပ်မိန့်ကြားခဲ့သည့် သီတဂူဆရာတော်က အန္တိမဈာပန အခမ်းအနား၌ဖတ်ကြားရန်ဟုဆိုကာ သဝဏ် လွှာတစောင်ကိုလည်း ဈာပနကျင်းပရေးကော်မတီထံ အပ်ခဲ့သေးသည်။
ချိပ်ပိတ်ထားသည့် ထိုသဝဏ်လွှာပါ စာအိတ်ကို ဈာပန ကျင်းပရေးကော်မတီက အခမ်းအနားတွင်ဖတ်ကြားရန် ဆုံးဖြတ်ပါက ဖတ်ကြားရန်ဖြစ်ကြောင်း သီတဂူဆရာတော်က မိန့်ကာ ကြခတ်ဝိုင်းဆရာတော်လက်အပ်ခဲ့ခြင်း ဖြစ်သည်။
 
အဆိုပါ သဝဏ်လွှာကိုတော့ ဝင်းနိမ္မိတာရုံဆရာတော်၏အန္တိဈာပန၌ ဖတ်ကြားခဲ့သည်ကိုမတွေ့ရပေ။
 
ဝင်းနိမ္မိတာရုံဆရာတော်၏ ရုပ်ကလာပ်ကို အပူဇော်ခံထားရှိရာနေရာနှင့်မလှမ်းမကမ်းမှာပင် သီတဂူဆရာတော်က “သည်းခံတော်မူကြပါဆိုတာက just control the anger စိတ်ဆိုးမှုတွေကိုထိန်းတော်မူကြပါ၊ဒေါသတရားကို ထိန်းသိမ်းတော်မူကြပါ” ဟူ၍ သံဃာတွေ ကိုတိုက်တွန်းဖျောင်းဖျခဲ့သည်။
 
အလားတူ စကားစုများကိုပင် ဆရာတော်ကယခုမတိုင်မီလပိုင်းအကြာတွင်လည်း မိန့်ခဲ့ဖူးသည်။
ယခုနှစ် ဧပြီလ ၁၇ရက်က ရန်ကုန်မြို့တွင်ကျင်းပသည့် မြန်မာနှစ်သစ်ကူးတရားပွဲမှာဖြစ်သည်။ စစ်ကောင်စီ ရန် ကုန်တိုင်းအစိုးရအဖွဲ့ဦးစီးကျင်းပသော ထိုတရားပွဲတွင် ဆရာတော်က စစ်ကောင်စီကို အစိုးရအဖြစ် ရည်ညွှန်းကာ သည်းခံဖို့၊မေတ္တာထားဖို့မိန့်ခဲ့ခြင်းဖြစ်သည်။
 
“တိုင်းကျိုး၊ပြည်ကျိုး၊ပြည်သူ့အကျိုး၊သာသနာ့အကျိုး၊လူ့လောကကြီးရဲ့အကျိုးစီးပွားကို သယ်ပိုးမယ်ဆိုရင် တော့ အားလုံး မေတ္တာထားကြရမယ်၊သည်းလည်းခံနိုင်ရမယ်၊မေတ္တာအားနဲ့ခန္တီအားနည်းရင်အဲ့ဒီကျိုးဆောင်လုပ်ငန်းတွေ ဟာအောင်မြင်ဖို့ခက်ခဲတယ်”ဟု ဆရာတော်ကမိန့်သည်။
 
သို့သော် ဆရာတော်ထိုသို့မိန့်ကြားချိန်တွင် အာဏာသိမ်းစစ်ကောင်စီလက်ချက်ဖြင့် ပြည်သူ ထောင်၊ သောင်းချီ သတ်ဖြတ်၊အကျဉ်းချခံရမှုတွေကြုံနေရပြီးပြီဖြစ်သည်။
 
ထို့အတူ အာဏာသိမ်းမှုလက်မခံလိုသူတို့၏ခုခံတွန်းလှန်မှုတွေကြောင့် စစ်ကောင်စီအပေါင်းအပါတို့လည်း အထိ နာနေကြပြီ။
 
ထိုသို့သောတရားတော်မျိုးကို သီတဂူဆရာတော်အနေဖြင့် မြန်မာ့နိုင်ငံရေးလွန်ဆွဲမှုပြင်းထန်နေသော ၂၀၂၁နှစ် ဆန်းပိုင်းကာလအချိန်မျိုးက ဟောကြားခဲ့ပါမူ သူ့အပေါ်ဝေဖန်မှုတွေလျော့ကျနိုင်ဖွယ်ရှိသည်။
 
ယင်းအစား ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီနှင့်ရွေးကောက်ပွဲအပြီးကာလတလျှောက်လုံး NLD အစိုးရအပေါ် အထင်၊ အမြင်လွဲမှား သွားစေ နိုင်မည့် ဟောကြားချက်များကိုသာ ဆရာတော်ကပို၍လူသိရှင်ကြား မိန့်ဆိုခဲ့သည်။
 
ဥပမာအားဖြင့် NLD အနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲအပြီးရက်ပိုင်းအကြာ စစ်ကိုင်းမြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္က သိုလ်၌စာဝါချရင်း ဗုဒ္ဓကျမ်းဂန်လာ ပတ္တမြားဂူထဲကဝက်တွေအကြောင်းနှင့် ရွေးကောက်ပွဲကိစ္စကိုပူးတွဲ မိန့်ကြားခဲ့ တာမျိုး ဖြစ်သည်။
 
“ဝက်ဆိုတဲ့အကောင်ရွှံ့တွင်းထဲမှာနေတဲ့အကောင်မျိုးက ပတ္တမြားတွင်းထဲရောက်နေတယ်၊အဲ့ဒီတော့သူ့နေရာနဲ့သူ မဟုတ်ရင် ဘယ်လိုလုပ်ကျက်သရေရှိမှာလဲ” ဟု သီတဂူဆရာတော်ကမိန့်ခဲ့သည်။
“အဲ့ဒီလိုအံဝင်ဂွင်ကျမဖြစ်တာတွေဟာလည်းပဲ တိုင်းပြည်မှာကျက်သရေမရှိဘူး၊သာသနာတော်မှာလည်းကျက် သရေရှိဖို့လိုတယ်၊သူ့နေရာနဲ့သူတန်မှ” ဟုလည်းဆိုသည်။
 
ရွေးကောက်ပွဲနှင့်သက်ဆိုင်သော သူ၏မိန့်ကြားချက်တွင်လည်း မှန်ကန်မှုမရှိသည့်အချက်အလက်၊ဖြစ်ရပ်အမှား တွေပင်ပါဝင်ခဲ့သေးသည်။
 
ထို့နောက်လပိုင်းအကြာတွင် အာဏာသိမ်းမှုပေါ်ပေါက်သည်။များမကြာမီတွင် သီတဂူဆရာတော်ကအာဏာသိမ်း စစ်ခေါင်းဆောင်ကို “သဒ္ဓါ၊ပညာနှင့်ပြည့်စုံသည့်မင်း”ဟု လူသိရှင်ကြားထုတ်ဖော်ချီးကျူးလိုက်သည်။
 
အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသကို စစ်ကောင်စီက သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သည့် အဘိဓဇမဟာရဌဂုရုဘွဲ့ဆက်ကပ်သဖြင့် သီတဂူဆရာတော်က ထိုသို့ကြွေးကြော်ခြင်းဖြစ်သည်။
 
ထိုဘွဲ့ကို “မင်းဆရာ”အဖြစ် အသိအမှတ်ပြုသည့်ဘွဲ့ဟု လူသိများကြသည်။သီတဂူဆရာတော်ကိုယ်တိုင်ကမူ NLD အစိုးရလက်ထက် ၂၀၁၇ခုနှစ်ကတည်းက ထိုဘွဲ့ဆက်ကပ်ခံရပြီးဖြစ်သည်။
သို့တိုင်အောင်သီတဂူဆရာတော်က “လေးဘက်လေးတန်က အကျပ်အမျိုးမျိုး အကိုင်ခံရတဲ့ ဆရာတော်၊ ဒီကနေ့ မှ တိုင်းပြည်ရဲ့ ဆရာဖြစ်တာ။ သဒ္ဓါ၊ ပညာကောင်းတဲ့ မင်းတို့ရဲ့ခေတ်မှာ တိုင်းပြည်ရဲ့ဆရာ ဖြစ်လာတယ်”ဟူ၍ အင်းစိန်ရွာမဆရာတော် “မင်းဆရာ”ဘွဲ့ရသည့်အပေါ် ဂုဏ်ပြုကြွေးကြော်သည်။
 
နဝတ စစ်အစိုးရလက်ထက်က စစ်အစိုးရကိုပင် ပတ္တနိကုဇ္ဇနကံဆောင်သပိတ်မှောက်သောကြောင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရသေးသည့် အင်းစိန်ရွာမဆရာတော်မှာ မဘသအဖွဲ့အရေးကြောင့် NLD အစိုးရနှင့်မပြေလည်ခဲ့ပေ။
 
မဘသ အဖွဲ့ဝင်သံဃာတွေနှင့် လူပုဂ္ဂိုလ်များကလည်း NLD အစိုးရနှင့်ပါတီခေါင်းဆောင်တွေအပေါ် ဝေဖန်တိုက် ခိုက်မှုတွေလုပ်လေ့ရှိသည်။
 
ထိုသို့သောအခြေအနေတွေကြား သံဃမဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ မဘသ အဖွဲ့ဖျက်သိမ်းခံရ သော အခါ အမျိုးသားရေးသံဃာအုပ်စုနှင့် NLD အစိုးရတို့ကြားတင်းမာမှုတွေ ပို၍မြင့်တက်သွားသည်။
 
သီတဂူဆရာတော်သည်မဘသအဖွဲ့တည်ထောင်လှုပ်ရှားစဉ်ကကိုယ်တိုင်ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်မှုမပြုသော်လည်းအားပေး ထောက်ခံသည့်ဟန်ပြသခဲ့သည်။
 
NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ထိုးနှက်လေ့ရှိပြီး ဘာသာရေးဆိုင်ရာ အမုန်း စကားများ အစဉ်တစိုက်ပြောဆိုလေ့ရှိသည့် အမျိုးသားရေးဆရာတော် ဦးဝီရသူကို သီတဂူဆရာတော်က “ငါ့ရဲဘော်”ဟု ခေါ်ဝေါ်ပုံမှာလည်း လူသိများသည်။
 
မဘသအဖွဲ့ဖျက်သိမ်းခံရပြီးချိန်တွင်သီတဂူဆရာတော်က NLD အစိုးရတာဝန်ရှိသူများနှင့် ဆက်လက်ထိတွေ့ ဆက်ဆံမှုရှိသော်လည်း အစိုးရအပေါ် ဘာသာရေးအရ အမြင်မှားစေနိုင်သည့်မိန့်ကြားမှုတွေမကြာခဏလုပ်လာတော့သည်။
 
ပြည်တွင်းနိုင်ငံရေးလောက၌အထွေထွေ ရွေးကောက်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်မှုတွေကြောင့် နိုင်ငံရေးပြိုင်ဆိုင် မှုတွေစတင်ပြင်းထန်လာချိန် ရန်ကုန်တိုင်းအစိုးရဦးစီးသော၂၀၂၀ နှစ်ဦးဓမ္မသဘင်မှာတော့ သီတဂူဆရာတော်က ညီညွတ်ရေးတရားဟောခဲ့သေးသည်။
 
မျက်မမြင်ကိုးယောက် ဆင်ကိုစမ်းကာသူအမှန်၊ကိုယ်အမှန် ငြင်းခုန်ရန်ဖြစ်ကြသည့် ကျမ်းဂန်လာ ဇာတ်တော် ကို အကြောင်းပြုပြီး ဆရာတော်က ညီညွတ်ရေးတရားဟောခဲ့တာဖြစ်သည်။
“အကန်းတွေ ဆင်စမ်းပြီးတော့ ငါတွေ့တာပဲမှန်တယ်၊သူတို့တွေ့တာတွေမှားတယ်လို့ ဆိုပြီးတော့ ငြင်းကြခုန် ကြ တဲ့အကန်းပွဲကို ဘုရင်ကြီးကအားပါးတရကြည့်သလို၊ငြင်းကြခုန်ကြတဲ့ပွဲကိုဝိုင်းပြီးတော့…..ကမ္ဘာက လက်ခုပ်တီး မခံရအောင် အားလုံးအရေးကြီးတာကတော့ ဘာလဲဆိုတော့ ဉာဏ်မျက်စိမြင်ဖို့အရေးကြီးတယ်”ဟု ဆရာတော်က မိန့်ခဲ့သည်။
 
ထိုအချိန်က မြန်မာနိုင်ငံရေးလောကတွင် ညွန့်ပေါင်းအစိုးရ ဆိုသည့်စကားလုံး ရေပန်းစားနေချိန်လည်းဖြစ်သည်။
 
“အကန်းကိုးယောက်အကုန်ပေါင်းလိုက်ရင် ဆင်ကြီးတကောင်လုံးရမယ်။အားလုံးဆင်ကိုအားပါးတရဘုန်းကြီးတို့ ပရိသတ်ရေစီးခွင့်ရမယ်။အကန်းကိုးယောက်မပေါင်းနိုင်တဲ့အတွက်ကြောင့်ဆင်စီးခွင့်မရတဲ့အပြင် နောက်ဆုံးကျ တော့ အကန်းတွေရဲ့နဘန်းပွဲကြီးဖြစ်ပါတယ်”ဟု သီတဂူဆရာတော်ကဆိုသည်။
 
သို့သော် သီတဂူဆရာတော်ကိုယ်တိုင်ကမူ အငြင်းပွားဖွယ်ရာ၊အချက်အလက်ဖြစ်ရပ်မှားယွင်းနေသည့် ဟောကြား မှုများကို NLD ပါတီအစိုးရဖြစ်နေသည့် ကာလမှာရော လက်ရှိအာဏာသိမ်းကာလမှာပါဆက်တိုက်ပြုလုပ်ခဲ့သည်။
 
ရခိုင်ပြည်နယ်တွင် တိုက်ခိုက်မှုတွေဖြစ်ပေါ်နေချိန် လူသန်းပေါင်းများစွာသတ်သော်လည်း အကုသိုလ်မဖြစ်ဟု ဟောခဲ့သည့် ဒုဌဂါမဏိမင်းတရား၊ပုဂံကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုက အသိ အမှတ်ပြုခြင်းကို ဂုဏ်ယူစရာမဟုတ်၊တလွဲဆံပင်ကောင်းသည့် ကိစ္စဟုမိန့်ခဲ့တာမျိုးတွေကထင်ရှားသည်။
 
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ထိုသို့အငြင်းပွားဖွယ် မိန့်ကြားချက်များ ဆက်တိုက်ရှိခဲ့ပြီး ဝေဖန်ခံနေရသည့် သီတဂူဆရာတော်သည် ယခုနောက်ဆုံး ဝင်းနိမ္မိတာရုံဆရာတော်ဖြစ်ရပ်အပေါ် မိန့်ကြားချက်ကြောင့် ထပ်တိုး လာသော ဝေဖန်မှုတွေကိုပါရင်ဆိုင်နေရသည်။
 
ယခုဖြစ်စဉ်မတိုင်မီကလည်း သီတဂူဆရာတော်သည် စစ်တပ်လက်ချက်ကြောင့် တပည့် သံဃာတော်တပါး ပျံလွန် ရမှုအပေါ်နှုတ်ဆိတ်နေခဲ့ဖူးသည်။
 
သီတဂူနာယကဆရာတော်တပါးဖြစ်သည့် သက်တော် ၄၄၊ဝါတော် ၂၂ဝါရှိ ဦးဂန္ဓသာရ၂၀၂၃ခုနှစ် ဇန်နဝါရီ လအ တွင်း စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာ၌ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်လက်ချက်နှင့်ပျံလွန်ခဲ့သည်။
 
သို့သော် ထိုဖြစ်ရပ်အပေါ် သီတဂူဆရာတော်က တစုံတရာထုတ်ဖော်မိန့်ကြားမှုမရှိသလို ထိုဖြစ်ရပ်ကြောင့်လည်း ဆရာတော်က စစ်ခေါင်းဆောင်တို့နှင့်သူ့ကြားကောင်းမွန်သည့်ဆက်ဆံရေးကို မပြောင်းလဲစေခဲ့…။
 
ယခင်ကတည်းကသံဃာထုကြားမှာပင် သူ့အပေါ် ပြင်းထန်သည့် ဝေဖန်မှုတွေရှိခဲ့ရာက လက်ရှိကာလလို စစ်အာ ဏာသိမ်းမှုတွန်းလှန်တိုက်ခိုက်နေရချိန်မှာတော့ သူ့အပေါ်ဝေဖန်မှုတွေက ပိုမိုပြင်းထန်နေသည်။
 
အထူးသဖြင့် သံဃာထုကို သည်းခံ၊ခွင့်လွှတ်၊မေ့ပျောက်ဖို့ ပရိသတ်ရှေ့အကြိမ်ကြိမ်တိုက်တွန်းခဲ့သော ဆရာတော် က ကျူးလွန်ခဲ့သည့် စစ်ကောင်စီဘက်ကိုတော့ တစုံတရာဝေဖန်လမ်းညွှန်မှုမျိုးလူသိရှင်ကြားမလုပ်ခဲ့ပေ။
 
လက်ရှိတွင်သက်တော် ၈၈နှစ်ရှိပြီဖြစ်သည့် သီတဂူဆရာတော် ကိုယ်တိုင်ကမူ သူ့အပေါ် ဝေဖန်မှုတွေ၊အမြင် မကြည်မှုတွေကို မည်သည့်အခါကမျှအလေးထား ဂရုစိုက်နေပုံမပြ။
 
ဝေဖန်မှုတွေထွက်ပေါ်လာသည့်တုံ့ပြန်ဖြေရှင်းတာမျိုးလည်းလုပ်လေ့မရှိ။ထို့အတူ သံဃာ့ပရိသတ်၊လူပရိသတ်တို့ အလယ်မိန့်ကြားခဲ့သည်များမှအချက်အလက်အလွဲအမှားတို့ကိုလည်း သီတဂူဆရာတော်က ပြန်လည်ပြင်ဆင်မှု မလုပ်ပေ။
 
ရန်ကုန်မြို့ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်၌ ၂၀၁၃ခုနှစ် ဇူလိုင်လအတွင်း သီတဂူဆရာတော်ထံ သွားရောက်ဖူးမြောက်စဉ် အထူဧည့်သည်တော်မှတ်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည်က ဤသို့ရေးသားကာလက်မှတ်ထိုးခဲ့သည်။
 
“ငြိမ်းချမ်းရေးအတွက် ဆရာတော်ကြီးကို အားကိုးလျက်၊မှီခိုကန်တော့ပါ၏”ဟူ၍။
 
🔷သီတဂူဆရာတော်၏ လူသိများသော မိန့်ကြားချက်တချို့
မျိုးစောင့်ဥပဒေအောင်ပွဲဩဝါဒကထာမှကောက်နုတ်ချက်
 
၂၀၁၅၊ အောက်တိုဘာလ ၄ရက်
“နိုင်ငံတော်မှာအမြင့်ဆုံးအာဏာပိုင်ပုဂ္ဂိုလ်ဟာ ဘာသာရေးခေါင်းဆောင် ဖြစ်ရမယ်တဲ့။အီရန်ရဲ့အခြေခံစည်းမျဉ်း မှာ။ နိုင်ငံရေးခေါင်းဆောင်ရော နိုင်ငံတော်ရဲ့သမ္မတရော အကုန်လုံးဟာ ဘာပဲလဲ။ဘာသာရေးခေါင်းဆောင်ကအ ကြီးဆုံး သူတို့တိုင်းပြည်မှာဖြစ်ရမယ်”
 
“တပည့်တော်တို့ ဒီပြည်ထောင်စုမြန်မာနိုင်ငံမှာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးရဲ့အနေအထားဟာ ဘယ် မှာရှိလဲဆိုတာ ဆရာတော်များအကုန်လုံးသိပါတယ်။အီရန်မှာတော့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက ထိပ်ဆုံးမှာ၊ နိုင်ငံရေးမှာလည်းသူအာဏာပိုင်ပဲ၊ ကျန်း မာရေး၊ပညာရေး ဘာအရေး၊ဘာသာရေးမှာလည်း သူတို့ က အာဏာပိုင်ပဲဖြစ်ပါတယ်”
 
“အဲ့ဒါကြောင့်မတူတာတွေ အဲ့ဒီလိုရှိတယ်ဆိုတာကို တပည့်တော်တို့တိုင်းသူပြည်သားတွေနဲ့သံဃာတော်တွေသိရ ရင်နောက်တက်စရာအဆင့်တွေအများကြီးရှိလိမ့်ဦးမယ်လို့ တပည့်တော်ဒီလိုပဲယူဆတယ်”
 
🔷 ကရင်ပြည်နယ်၊သံတောင်ကြီးမြို့စစ်တပ်တိုက်ခိုက်ရေးသင်တန်းကျောင်းတွင်ဟောကြားခဲ့သည်မှကောက် နုတ်ချက်
 
၂၀၁၇၊ အောက်တိုဘာ ၃၀ရက်
“နှစ်ပိုင်းကွဲနေတဲ့ သီဟိုဠ်ကို တပေါင်းတည်းပြန်ဖြစ်အောင်လုပ်သွားတာဘယ်သူလဲ၊ဒုဌဂါမဏိ”
“စစ်ပွဲကြီးပြီးသွားတော့ ဘုရင်ကြီးမောလွန်းလို့အိပ်တာ၊အိပ်မပျော်ဘူး”
 
“လုပ်မိတဲ့အကုသိုလ်ကြီးခံရတော့မှာပဲလို့စိတ်ပူတယ်ဆိုတော့ရဟန္တာရှစ်ပါးကပြောတယ်။မင်းကြီးဘာမှမပူနဲ့။အကုသိုလ်နည်းနည်းလေးပဲဖြစ်တယ်”
 
“ဘာဖြစ်လို့ အကုသိုလ်နည်းနည်းလေးပဲဖြစ်သလဲ၊မင်းသတ်လိုက်တာ သန်းပေါင်းများစွာဖြစ်ပေမယ့် တကယ့်လူ စင်စစ်က တယောက်နဲ့တပိုင်းပဲပါတယ်တဲ့”
 
“ငါးပါးသီလဆောက်တည်သူကတယောက်၊အဲ့ဒါလူမပီသဘူး တပိုင်း၊လူတပိုင်း။ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ဓမ္မံသရဏံ ဂစ္ဆာမိ၊သံဃံ သရဏံ ဂစ္ဆာမိနဲ့ ငါးပါးသီလနဲ့တွဲဆောက်တည်တဲ့လူကတယောက်၊ အဲ့ဒါလူအပြည့်တယောက်၊“သန်းပေါင်းများစွာစစ်ပွဲမှာသူပစ်သတ်လို့၊ခုတ်သတ်လို့၊ထိုးသတ်လို့သေသွားတဲ့လူတွေထဲမှာလူပီသတဲ့လူကတယောက်၊လူမပီ့တပီလူကတပိုင်း။တယောက်နဲ့တပိုင်းပဲပါတယ် မင်းကြီးမပူနဲ့…။
 
“ဘုန်းကြီးတို့မပြောဘူး။ဘယ်သူပြောလဲသီဟိုဠ်က ရဟန္တာကြီးတွေပြောတာ”
“ဒုဌဂါမဏိမင်းလို၊အဇာတသတ်မင်းလို တိုင်းပြည်အတွက်သာလျှင် စစ်တိုက်သည်မဟုတ်ဘူး၊ဘုရားသာသနာ တော်အတွက်လည်းစစ်တိုက်ရတယ်။ဒီလိုဖြစ်ရမယ်”
 
“အဲ့ဒါကြောင့်တို့ရဲ့တပ်မတော်သားတွေလည်း ဒုဌဂါမဏိမင်းထုံးနှလုံးမူ၊အဇာတသတ်မင်းထုံးနှလုံးမူ၍နိုင်ငံတော်နဲ့ သာသနာတော်အတွက် စစ်တာဝန်ကိုထမ်းခြင်းဖြစ်ရမယ်၊ဖြစ်ပါစေ”
(ဒီလိုမိန့်ကြားချိန်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်ဩဂုတ်လကစတင်တဲ့ တိုက်ခိုက်မှုတွေ ကြောင့် ရိုဟင်ဂျာသိန်းချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲထွက်ပြေးခဲ့ကြပြီး ရခိုင်အရေးရှုပ်ထွေးနေချိန်ဖြစ်ပါတယ်)
 
🔷 “ပုဂံ” ကမ္ဘာ့အမွေအနှစ်စာရင်းဝင်မှုအပေါ်မိန့်ကြားမှုမှကောက်နုတ်ချက်
 
၂၀၁၉၊ ဇူလိုင် ၂၇ရက်(ပြင်ဦးလွင်မြို့တရားပွဲ)
 
“ဘုန်းကြီးတို့ပြောချင်တာက ဒီအမွေအနှစ်တွေ Buddhist cultural heritage ဗုဒ္ဓဘာသာယဉ်ကျေးမှု အမွေအ နှစ်တွေ၊အဲ့ဒါတွေဟာ မြန်မာပိုင်၊ဗမာပိုင်၊ကိုယ်ပိုင်လိုဖြစ်သွားတော့မြန်မာ့ cultural heritage ဖြစ်သွားတယ်”
 
“ဗမာ့အမွေဆိုင်နော်၊ဟိုလူတွေက ပုဂံက ဘုရားတွေကို ကမ္ဘာ့အမွေဆိုင်ဆိုပြီးသွားပေးကြတယ်”
“သိပ္ပံရယ်၊ယဉ်ကျေးမှုရယ်၊ပညာရေးရယ်ဒါအတွက်အလုပ်လုပ်မယ်ဆိုတဲ့ဒီအသင်းကြီးက နိုင်ငံရေးတွေလုပ်လို့တဲ့ ဆိုပြီးတော့ လူမှုရေးဒီကိစ္စသုံးချက်လုပ်တာမဟုတ်ဘဲနဲ့ နိုင်ငံရေးတွေလုပ်၊ဟိုနိုင်ငံ ဘက်လိုက်၊ဒီနိုင်ငံဘက် လိုက်၊ ဟိုနိုင်ငံဖိနှိပ်၊ဒီနိုင်ငံဖိနှိပ်အဲ့ဒါတွေထဲမှာပါသွားလို့ဆိုပြီး အမေရိကန်က နုတ်ထွက်ထားတာ”
 
“အမေရိကန်မထည့်ရင်ရန်ပုံငွေကနော် ခမ်းခြောက်သလောက်ဖြစ်သွားတယ်။အဲ့တော့ ဘယ်ကဝိုင်းထည့်သလဲ လို့ဆိုတော့ ရှင်းနေတယ်၊ဘုန်းကြီးတို့ပရိသတ်လေ့လာတဲ့လူတိုင်းသိတယ်။Oicကအများကြီးထည့်တယ်”
 
“Organization of the Islamic country အဲ့ဒီကနေ အဲ့ဒီကိုအများကြီးထည့်တယ်၊အာရပ်လောကကြီးက ရေနံ သူဌေးတွေဝိုင်းထည့်တာပေါ့။မွတ်စလင်တွေချည်းပဲ”
“အဲ့ဒါကြောင့်အဲ့ဒီအသင်းရဲ့တည်ရာဟာ ဘယ်ရောက်သွားလဲဆိုတော့ အဇာဘိုင်ဂျန်ရောက်သွားတယ်”
 
“အစ္စလာမ်တိုင်းပြည်မှာ ဒီအဖွဲ့ရောက်နေတယ်နော်”
“ပုဂံကို အဲ့ဒီအပ်လိုက်တယ်ဗျာနော်၊ အဲ့ဒါလေးပဲပြောချင်တာပါ၊စဉ်းစားစရာတော့ရှိတယ်”
“မြန်မာ့အမွေအနှစ်ကိုတခြားပေးပြီးတော့ဟိုဘက်ကလူတွေထိန်းပေးတာကို ဂုဏ်ယူနေခြင်းဟာဘာမှဂုဏ်မရှိ တဲ့ကိစ္စ”
 
“ကိုယ့်တိုင်းပြည်ရဲ့ကိုယ့်အမွေအနှစ်ကို ကိုယ်တိုင်ထိန်းရမှ ဂုဏ်ယူရမှာပဲမဟုတ်လား၊ဟိုဘက်ကပေးတဲ့ပိုက်ဆံနဲ့ ဟိုကလူတွေထိန်းပေးတာ ဟိုကစည်းကမ်းအတိုင်းအကုန်လုံးနားထောင်ကြရမှာ၊အဲ့ဒါကိုဂုဏ်ယူနေခြင်းဟာအလွဲ ဆံပင်ကောင်းခြင်းပဲလို့ဘုန်းကြီးကတော့ဒီလိုပဲထင်တယ်”
 
(ပုဂံကို ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုရေးဆုံးဖြတ်ခဲ့တဲ့ ယူနက်စကိုညီလာခံကို အဇာဘိုင်ဂျန်နိုင်ငံမှာ အ လှည့်ကျအနေနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။အဖွဲ့ဝင် ၁၉၅နိုင်ငံရှိတဲ့ယူနက်စကိုရုံးချုပ်ဟာ ပြင်သစ်နိုင်ငံ၊ပဲရစ်မြို့မှာ အခြေစိုက်ကာ ကမ္ဘာတဝှမ်းမှာရုံးခွဲတွေနဲ့ စင်တာတွေရှိပါတယ်။
ဒီအဖွဲ့ကို OIC အဖွဲ့တွေကရန်ပုံငွေအများဆုံးထည့်တယ်လို့ဆရာတော်ကမိန့်ပေမယ့်တကယ်တမ်းမှာ အဖွဲ့ဝင် နိုင်ငံအလိုက် အချိုးကျထည့်ဝင်ရတာမျိုးဖြစ်ပြီး အမေရိကန်ဟာလည်း အဲ့ဒီအဖွဲ့ကနေ အပြီးနှုတ်ထွက်ခဲ့တာမျိုး မဟုတ်ပါဘူး။
 
အမေရိကန်ဟာ ၁၉၈၄ခုနှစ်မှာ ယူနက်စကိုကနေပထမအကြိမ်၊သမ္မတ ဒေါ်နယ်ထရန့်လက်ထက် ၂၀၁၇ခုနှစ်မှာ ဒုတိယအကြိမ်နှုတ်ထွက်ခဲ့ပေမယ့် နှစ်ကြိမ်လုံးဟာနှစ်အနည်းငယ်စီသာကြာမြင့်ကာ အဖွဲ့ထဲပြန်လည်ပါဝင်ခဲ့ပြီး လက်ရှိမှာလည်း အဖွဲ့ဝင်နိုင်ငံအဖြစ်ရှိနေပါတယ်။
 
အဲ့ဒါအပြင် ပျူမြို့ဟောင်းတွေဖြစ်တဲ့ သရေခေတ္တရာ၊ဟန်လင်းနဲ့ ဗိဿနိုးတို့ကိုသမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ်မှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်တွေအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ လက်ရှိစစ်ကောင်စီလက်ထက်မှာလည်း NLD အစိုးရလက်ထက်ကတည်းကစတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ဦး နဲ့အင်းဝတို့လိုမြို့ဟောင်းတွေ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ဆက်လက်ကြိုးစားဖို့ပြင်ဆင်တာတွေရှိပါတယ်။
ဒီကိစ္စတွေကိုတော့ သီတဂူဆရာတော်က တစုံတရာဝေဖန်မိန့်ကြားတာမျိုးမရှိပါဘူး။)
 
🔷 စစ်ကိုင်း၊သီတဂူဗုဒ္ဓတက္ကသိုလ်၌သံဃာတော်များအားမိန့်ကြားမှုမှကောက်နုတ်ချက်
 
၂၀၂၀ခုနှစ် နိုဝင်ဘာလ ၁၄ ရက်
 
“ဝက်ဆိုတဲ့အကောင်ဟာရွံ့တွင်းထဲမှာနေတဲ့အကောင်မျိုးက ပတ္တမြားတွင်းထဲရောက်နေတယ်၊အဲ့ဒီတော့ သူ့နေရာ နဲ့သူမဟုတ်ရင် ဘယ်လိုလုပ်ကျက်သရေရှိမှာလဲ”
 
“ဝက်ဆိုလို့ရှိရင်တော့ပတ္တမြားဂူမနေရဲဘူးကွ၊နားမလည်လို့ဝင်နေတာ၊သူတို့ရဲ့ဘဝနဲ့ဒီဂူနဲ့တန်သည်မတန်သည်နားမလည်ကြတဲ့အတွက်ကြောင့်ဝင်နေတာ၊တနည်းတည့်တည့်ပြောရရင်ပတ္တမြားကိုပတ္တမြားမှန်းမသိလို့ဝက်တွေဝင်နေတာ”
 
“အဲ့ဒီလိုအံဝင်ဂွင်ကျမဖြစ်တာတွေဟာတိုင်းပြည်မှာကျက်သရေမရှိဘူး။သာသနာတော်မှာလည်းကျက်သရေရှိဖို့လိုတယ်၊သူ့နေရာနဲ့သူတန်မှ”
 
“တန်ဖိုးကြီးမားတဲ့ပတ္တမြားကိုတန်ဖိုးရှိမှန်းမသိ၊မစင်စားတဲ့အကောင်တွေဝင်နေကြတာ၊ဘယ်လိုလုပ်ကျက်သရေရှိမှာလဲ”
 
“တည့်တည့်ပြောလို့မကောင်းဘူး၊လူနဲ့ကုလားထိုင်မတန်ရင် သံဃာတော်တွေလည်းပဲရွှေပုလ္လင်နဲ့မတန်ရင်ဘယ် တောင့်မလဲ၊အားလုံးကိုယ့်နေရာလေးနဲ့ကိုယ့်ရဲ့အရည်အချင်းနဲ့ထိုက်တန်မှ”
“ဝက်တွေဘာကြောင့်ပတ္တမြားဂူမှာမနေရလဲ၊ရှေးဘုန်းရှေးကံမရှိတဲ့သတ္တဝါတွေပတ္တမြားဂူနဲ့မထိုက်ဘူး၊ခြင်္သေ့ဆိုတဲ့သတ္တဝါကရှေးဘုန်းရှေးကံရှိတော့ဝက်တွေပွတ်လို့ပြောင်နေတဲ့ပတ္တမြားဂူထဲဝင်နေလိုက်တယ်”
 
“တောင်ဥက္ကလာက မဲရုံတရုံထဲမှာအကုန်လုံးကသိမ်းကျုံးယူသွားပြီးတော့ ဗဟိုကော်မရှင်ကနေပြီးတော့မဲတွေ စိစစ်လို့ကြေညာနေပြီ၊အဲ့ဒီတော့မှမဲပုံးကြီးတပုံးအဲ့ဒီစားပွဲပေါ်မှာကျန်နေတယ်၊ပေါ်လာတယ်၊မဲဘယ်လောက်လဲ ဣန္ဒာစရိယ(ဆရာတော်တပည့်ဒေါက်တာ ဣန္ဒာစရိယ (သီတဂူ)”
 
“(မဲလက်မှတ်)လေးသောင်း၊ကြည့်စမ်း၊ဟား….။ဘယ်လိုလုပ်ပြီးဒီမဲရုံထဲဒါကြီးကျန်နေခဲ့လဲမသိဘူး၊သို့မဟုတ်လို့ရှိရင်လည်းတနေရာရာမှာဖွက်ထားတာကြီး၊ဖွက်လို့မလုံတော့တာနဲ့ဒီရုံထဲလာပြီးတမင်ထိုးသွားသလားဘာလား၊မသိနိုင်တဲ့ကိစွတွေအများကြီးပဲ၊ဒါပေမယ့်ကာယကံလည်းမစောင့်ရှောက်၊ဝဇီကံလည်းမစောင့်ရှောက်၊ကိုယ်နှုတ်နှစ်ပါးထိန်းသိမ်းစောင့်ရှောက်မှုမရှိတဲ့ဒီလူတွေ၊ဘယ်လိုလုပ်ကျက်သရေရှိမှာလဲ၊တိုင်းပြည်လည်းကျက်သရေမရှိဘူး၊ကမ္ဘာမှာနော်၊တိုင်းပြည်မျက်နှာလှအောင်မလုပ်ကြဘူး”
 
(တောင်ဥက္ကလာပမြို့နယ်ဟာ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့မဲဆန္ဒနယ်ဖြစ်ပါတယ်။ မဲရုံ တွေမှာ သက်ဆိုင်ရာပါတီဝင်အမတ်လောင်းတွေရဲ့မဲရုံကိုယ်စားလှယ်တွေရှိနေကြသလို မီဒီယာတွေနဲ့ ရွေး ကောက်ပွဲစောင့်ကြည့်သူတွေလည်းရှိပေမယ့် သီတဂူဆရာတော်မိန့်တဲ့မဲပုံးကိစ္စကို အဲ့ဒီအချိန်က မကြားခဲ့ကြ ရပါဘူး။
 
ဒါ့အပြင် ရွေးကောက်ပွဲမဲလက်မှတ်တွေထည့်တဲ့ မဲပုံးတွေဟာ ဆန္ဒမဲလက်မှတ် သုံးထောင်လောက်သာ ဆန့် တာ ကြောင့်မဲပုံးတခုတည်းကနေမဲလက်မှတ်လေးသောင်းတွေ့တယ်ဆိုတာဟာမှားယွင်းနေတဲ့သတင်းအချက်အလက်တခုဖြစ်နေပါတယ်။
 
သီတဂူဆရာတော်က အဲ့ဒီမှားယွင်းနေတဲ့အကြောင်းအရာကိုပဲ တပည့်သံဃာတွေကိုမိန့်ခဲ့သလို အဲ့ဒီစာဝါချတဲ့ ရုပ်သံဖိုင်ကို သီတဂူဓမ္မသဘင်Page ကနေလည်း လွှင့်တင်ထားတာကြောင့် လူသိများခဲ့ပါတယ်။
 
နောက်ပိုင်းမှာတော့ စစ်ခေါင်းဆောင်တွေက ၂၀၂၀ ရွေးကောက်ပွဲမဲသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရပ်သားအစိုးရခေါင်းဆောင်တွေကိုဖမ်းဆီးပြီးအာဏာသိမ်းခဲ့ပါတယ်)
 
🔷 ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်မှုအပေါ်မိန့်ကြားသည်မှကောက်နှုတ်ချက်
 
၂၀၂၄ခုနှစ် ဇွန်လ ၂၂ရက်
 
“ရှင်မောဂ္ဂလာန်ပရိနိဗ္ဗာန်စံတော့အရှင်ဘုရားတို့သိတယ်၊ရာဇဂြိုလ်ပြည်မှာလူဆိုးငါးရာဝိုင်းရိုက်တာလေ၊ဘာပဋိပက္ခမှမဖြစ်ဘူး၊အဲ့ဒီပွဲကြီး”
 
“တပည့်တော်တို့ရဲ့သာသနာမှာ ရှင်မောဂ္ဂလာန်ရုပ်အလောင်းအကြောင်းပြုပြီးတော့ ပဋိပက္ခဘာမှမဖြစ်ခဲ့ဘူး၊ သံ ဃာတော်တွေလည်း ရုတ်ရုတ်အုတ်အုတ်ဘာမှမလုပ်ခဲ့ဘူး၊ငြိမ်းချမ်းစွာ ရှင်မောဂ္ဂလာန်ရဲ့ရုပ်အလောင်း သင်္ဂြိုလ် တဲ့ကိစ္စကြီးပြီးသွားတယ်၊”
 
“ဒီကနေ့ လိုအပ်ချက်အဓိကအရေးတကြီးလိုအပ်ချက်က ဒီကနေ့ဒီတိုင်းပြည်မှာ နံပါတ်တစ် သည်းခံခြင်း၊ နံပါတ် နှစ်က ခွင့်လွှတ်ခြင်း၊နောက်နံပါတ်သုံးကတော့ညီညွတ်ခြင်းပဲ”
 
“အားလုံးသောသံဃာတော်များခွင့်လွှတ်မူကြပါ၊မေ့ပျောက်အောင်ကြိုးစားတော်မူကြပါ၊သည်းခံတော်မူကြပါ၊သည်းခံတော်မူကြပါဆိုတာက just control the anger စိတ်ဆိုးမှုတွေကိုထိန်းတော်မူကြပါ၊ဒေါသတရားကို ထိန်း သိမ်းတော်မူကြပါ”
 
(သီတဂူဆရာတော်ကသည်းခံ၊ခွင့်လွှတ်၊မေ့ပျောက်ဖို့မိန့်ပေမယ့် ကြခတ်ဝိုင်းဆရာတော်ကတော့ ဝင်းနိမ္မိတာရုံ ဆ ရာတော်ရဲ့ဖြစ်ရပ်အပေါ် “မေ့ပျောက်ဖို့တော့မဖြစ်နိုင်ဘူး” လို့စစ်ကောင်စီသာသနာရေးဝန်ကြီးကိုပြန်လည်မိန့် ကြားခဲ့ပါတယ်။
 
ဒါ့အပြင် စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းကသံဃာတွေက စစ်ကောင်စီကို ပတ္တိနိကုဇ္ဇနကံဆောင်သပိတ်မှောက်မှုတွေ လုပ်နေကြပြီး ဒီကနေ့အထိ မြို့နယ်တဒါဇင်လောက်က သံဃာတော်တွေပါဝင်နေပါတယ်။)