ကျောင်းသားတွေ တရုတ်နိုင်ငံတော် သီချင်းဆိုတာ အသံတိုးလို့ ဟောင်ကောင်က ကျောင်းတချို့ သတိပေးခံရ

ဇွန်၊ ၂၈

ကျောင်းသူကျောင်းသားတွေ တရုတ် နိုင်ငံတော်သီချင်း ဆိုရာမှာ အသံတိုးလို့ဆိုပြီး ဟောင်ကောင် အာဏာပိုင်တွေက ကျောင်းတချို့ကို သတိပေးလိုက်ပါတယ်။

အနည်းဆုံး ကျောင်းနှစ်ခုဟာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ တင်းတင်းကျပ်ကျပ် သတိပေးမှုတွေ လက်ခံရရှိခဲ့ပြီး နောက်ထပ် တကျောင်းမှာတော့ ဆရာတွေ အနေနဲ့ ကလေးတွေ နိုင်ငံတော်သီချင်း ဆိုရာမှာ ယုံကြည်ချက်ရှိရှိ၊ ဂုဏ်ယူစိတ်အပြည့် ဆိုတတ်အောင် လေ့ကျင့်ပေးဖို့ တိုက်တွန်းတာ ခံခဲ့ရပါတယ်။

တရုတ်လက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုဖြစ်တဲ့ ဟောင်ကောင်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ဒီမိုကရေစီရေး အုံကြွမှုတွေကို တရုတ်အစိုးရက အင်အားသုံး ဖြိုခွင်းခဲ့တဲ့နောက်ပိုင်း အခြေခံ ပညာရေး ကဏ္ဍမှာ တရုတ် မျိုးချစ်စိတ် နိုးကြားရေး အစီအမံတွေကို အင်တိုက်အားတိုက် ထည့်သွင်းပြီး အပြောင်းအလဲတွေ လုပ်လာခဲ့ပါတယ်။

ဟောင်ကောင်မှာ ဖွင့်လှစ်ထားတဲ့ ဟောင်ကောင် လူသာရန် ခရစ်ယာန် မူလတန်းကျောင်းနဲ့ မကာအို လူသာယန် ခရစ်ယာန် မူလတန်း ကျောင်းတွေမှာ ကလေးတွေ နိုင်ငံတော် သီချင်း ဆိုတာက အားပျော့၊ အားလျော့လွန်းတယ်လို့ အာဏာပိုင်တွေက ဝေဖန်ခဲ့ပြီး ယန်ချိုင် ဆေးရုံမှာ ဖွင့်လှစ်ပေးထားတဲ့ လင်ပေါ်ယန် အလယ်တန်း ကျောင်းမှာတော့ ကလေးတွေကို လက်ရှိထက်ပိုပြီး နိုင်ငံတော် သီချင်းကို အားနဲ့မာန်နဲ့ ဆိုတတ်အောင် လေ့ကျင့်ပေးဖို့ ဆရာဆရာမတွေဆီ လမ်းညွှန်ချက် ရောက်ရှိလာခဲ့ပါတယ်။

ဟောင်ကောင် ပညာရေး ဗျူရိုက မူလတန်းနဲ့ အလယ်တန်း ကျောင်းတွေမှာ သုတေသန စစ်တမ်းတွေ ကောက်ယူပြီး ဆရာတွေ၊ မိဘတွေနဲ့ပါ အင်တာဗျူးတွေ လုပ်ခဲ့ပြီးတဲ့နောက် အခုလို အစီရင်ခံ ကြေညာချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အစီရင်ခံစာထဲမှာ အကြောင်းအမျိုးမျိုးကြောင့် နာမည်တပ် ဖော်ပြခံရတဲ့ ကျောင်းပေါင်း ၂၀ လောက် ရှိခဲ့ပြီး အဲဒီထဲက အနည်းဆုံး ၆ ကျောင်းဟာ သင်ရိုးထဲမှာ မျိုးချစ်စိတ်ဓာတ် နိုးကြားရေး ကဏ္ဍတွေ ပိုမိုထည့်သွင်း ပို့ချပေးသင့်ကြောင်း မှတ်ချက်ပေးတာ ခံခဲ့ရပါတယ်။

တချို့ကျောင်းတွေကတော့ တရုတ် ပြည်မကြီးက ကလေးတွေ ပညာသင်ယူနိုင်ရေး စီစဉ်ပေးမှုတွေ၊ တရုတ် နိုင်ငံတော် အလံကို ဂုဏ်ယူစွာ လွှင့်တင်ထားမှုတွေအတွက် ချီးကျူးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလတုန်းက တရုတ် အစိုးရဟာ ဟောင်ကောင် အပါအဝင် ပြည်တွင်းက ကျောင်းတွေ အားလုံးဟာ မျိုးချစ်စိတ်ဓာတ် နိုးကြားရေး အစီအမံတွေကို သင်ရိုးထဲမှာ ထဲထဲဝင်ဝင် ပေါင်းစပ်ရမယ်ဆိုတဲ့ ဥပဒေ တရပ်ကို စတင် အကောင်အထည်ဖော် ကျင့်သုံးစေခဲ့ပါတယ်။

Ref: BBC