ရဟန်းရှင်လူ သောင်းချီပို့ဆောင်နှုတ်ဆက်ပူဇော်ခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော် အန္တိမဈာပန၊အွန်လိုင်းက ကြည့်ရှုမှုတသန်းကျော်အထိရှိ

 Photo ဝင်းနိမ္မိတာရုံစာသင်တိုက်

ဇွန်၊ ၂၇

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ အန္တိမဈာပနကို ဒီကနေ့ ပဲခူးမြို့မှာ ကျင်းပခဲ့ပြီး သံဃာတော်တွေအပါအဝင် လူဦးရေသောင်းချီပို့ဆောင်နှုတ်ဆက်ပူဇော်ခဲ့ကြသလိုအွန် လိုင်းကနေ ပူဇော်ကြသူတွေလည်းအများအပြားရှိခဲ့ပါတယ်။

သက်တော် ၇၈နှစ်၊သိက္ခာတော် ၅၈ဝါရှိ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ ရုပ်ကလာပ်ကို လောင်တိုက်မှာမပူဇော်မီ ပဲခူး မြို့တွင်း လှည့်လည်အပူဇော်ခံခဲ့ပြီး ပဲခူးမြို့ခံတွေကလည်း လမ်းဘေးဝဲ၊ယာတွေကနေ စောင့်ဆိုင်းပူဇော်ကန်တော့ ခဲ့ကြတာတွေ့ရပါတယ်။

အဲ့ဒီအန္တိမဈာပန အစီအစဉ်ကို ဝင်းနိမ္မိတာရုံစာသင်တိုက်ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကနေ တိုက်ရိုက် လွှင့်တင် ဖော်ပြတဲ့ရုပ်သံဟာ အခမ်းအနားမပြီးဆုံးခင်မှာပဲ ကြည့်ရှုသူ တသန်းကျော်အထိ ရှိနေပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်နဲ့ ကံသုံးဆင့်ဆရာတော်တို့ဟာ မန္တလေးမြို့မှာ ရွှေကျင်နိကာယဗဟိုအစည်းအဝေး တက်ဖို့သွားရင်း ဇွန်လ ၁၉ရက်က ငါန်းဇွန်းမြို့နယ်အတွင်းပစ်ခတ်ခံခဲ့ရပြီး ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်ခဲ့ ပါတယ်။

ဒီကနေ့ ပဲခူးမြို့မှာ ကျင်းပနေတဲ့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ အန္တိမဈာပန နောက်ဆုံးနေ့ကို စစ်ကောင်စီ သာသနာ ရေးဝန်ကြီးနဲ့တိုင်းအစိုးရအဖွဲ့တွေလာရောက်ခဲ့သလို မဟနဥက္ကဌ သန်လျင်မင်းကျောင်းဆရာတော်လည်းကြွ ရောက်ပြီးတရားဟောကြောခဲ့ပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်ရဲ့အရိုးပြာတွေကို တော့ မနက်ဖြန်မှာ စစ်တောင်းမြစ်ထဲ မျှောချပူဇော်မှာဖြစ်ပါတယ်။

ပရိယတ္တိသာသနာရေးနယ်ပယ်မှာ ထင်ရှားတဲ့ စာသင်၊စာချ၊ကျမ်းပြုဆရာတော်တပါးဖြစ်သလို မဟနအဖွဲ့ဝင် အ ဖြစ် ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရပြီးပျံလွန်မှုဟာ ၂၀၂၁ခုနှစ် အာ ဏာသိမ်းပြီးနောက် သံဃာတော်တွေကြားထင်ရှားတဲ့ သတ်ဖြတ်ခံရမှုဖြစ်ခဲ့ပါတယ်။

ဆရာတော်ပျံလွန်ခဲ့တာဟာ PDF တွေလက်ချက်ကြောင့်လို့ စစ်ကောင်စီက ကနဦးထုတ်ပြန်ခဲ့ချိန်မှာ အမျိုးသားရေးအုပ်စုတွေက တော်လှန်ရေးအင်အားစုတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပေမယ့် စစ်တပ်လက်ချက် လို့ပေါ်ပေါက်လာချိန်မှာတော့ ကာယကံရှင်ဆရာတော်တွေနဲ့ ယာဉ်မောင်းတို့ရဲ့ပေါ့ဆမှုအဖြစ် ပုံဖော်ဝါဒဖြန့်နေကြပါတယ်။

ကံသုံးဆင့်ဆရာတော်ရဲ့ဖွင့်ချမိန့်ကြားမှုကြောင့် သူတို့တပ်ဖွဲ့ဝင်တွေပစ်ခတ်ခဲ့မိကြောင်း ဝန်ခံလိုက်ရတဲ့ စစ် ကောင်စီကတော့ အဖြစ်မှန်ပေါ်ပေါက်ရေး အလေးထားစစ်ဆေးဖော်ထုတ်မယ်လို့ဆိုထားပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်က ဆရာတော်ပျံလွန်ရမှုအတွက် ကိုယ်စားလှယ်စေလွှတ်စာပေးပို့ လျှောက်ထား တောင်းပန်စေခဲ့ပေမယ့် အဲ့ဒီလိုတောင်းပန်ခဲ့တဲ့အကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်မီဒီယာတွေမှာ တော့မဖော်ပြခဲ့ပါဘူး။

ဒီအတောအတွင်း ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်မှုကို အကြောင်းပြုပြီး သံဃာတော်တွေက စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်မှုတွေလည်းဆက်တိုက်ပေါ်ပေါက်လာနေပါတယ်။