အစ္စရေး စစ်တပ်ရဲ့ လူသားဒိုင်း အသုံးပြုမှုကို အမေရိကန် ရှုတ်ချ

ဇွန်၊ ၂၅

ပါလက်စတိုင်း အရပ်သား တဦးကို လူသားဒိုင်းအဖြစ် အသုံးချခဲ့တဲ့ အစ္စရေး စစ်တပ် (IDF)ရဲ့ လုပ်ရပ်အပေါ် မဟာမိတ် အမေရိကန် ပြည်ထောင်စုက ဝေဖန် ရှုတ်ချလိုက်ပါတယ်။

အွန်လိုင်းမှာ ပျံ့နှံ့ ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေအရ ပါလက်စတိုင်းနယ်မြေ အနောက်ဖက် ကမ်းခြေဒေသမှာ အစ္စရေးရဲ့ စစ်သုံး သံချပ်ကာယာဉ် တစီးဟာ ဒဏ်ရာရထားတဲ့ ပါလက်စတိုင်း အမျိုးသား တယောက်ကို ကားအရှေ့ဖက် ဘောနက်ဖုံးပေါ်မှာ ကြိုးနဲ့ချည်နှောင်ရင်း မောင်းနှင်နေခဲ့တာကို တွေ့ရပါတယ်။

ရည်ရွယ်ချက်ကတော့ ပါလက်စတိုင်းတွေက ဆီးကြို ရန်ပြုလာနိုင်ခြေတွေကို ဟန့်တားဖို့ပါ။ အဲဒီ ဗီဒီယိုဟာ တုန်လှုပ်ချောက်ချားစရာ အခြေအနေမျိုးလို့ သတ်မှတ်နိုင်ပြီး IDFက ထိထိရောက်ရောက် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ မက်သရူး မီလာက သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။

ဗီဒီယိုထဲက မြင်ကွင်းဟာ တကယ့်ကို တုန်လှုပ်စရာ ဖြစ်သလို ဘယ်လိုမှ လက်သင့်မခံနိုင်ကြောင်း၊ လူသားတွေကို စစ်ပွဲမှာ ဒိုင်းအကာအကွယ် သဘောမျိုး ဘယ်လို အခြေအနေနဲ့မှ အသုံးမချသင့်ကြောင်း မီလာက ဆိုပါတယ်။

ဒါကြောင့် IDF အနေနဲ့ ဖြစ်စဉ်ကို အမြန်ဆုံး ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းပြီး ကျူးလွန်သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သင့်ကြောင်းလည်း သူက တိုက်တွန်း တောင်းဆိုသွားပါတယ်။

IDFရဲ့ ထုတ်ပြန်ချက်မှာတော့ အနောက်ဖက် ကမ်းခြေဒေသက ဂျီနင်မြို့မှာ သံသယရှိသူတွေကို စီးနင်း ဖမ်းဆီးလာတဲ့အချိန် အပြန်အလှန် ပစ်ခတ်မှုတချို့ ဖြစ်ပွားခဲ့ကြောင်း၊ အဲဒီဖြစ်စဉ်မှာ မူဂျာဟက်ဒ် အက်ဇ်မီဆိုတဲ့ ပါလက်စတိုင်း အမျိုးသား ဒဏ်ရာရခဲ့ကြောင်း၊ ဒါပေမဲ့ စစ်သားတွေက ကားဘောနက်ဖုံးပေါ်မှာ ဒဏ်ရာရသူကို ကြိုးချည်ပြီး တင်လာတယ် ဆိုတာမျိုးက IDFရဲ့ ကျင့်ဝတ် စံနှုန်းတွေနဲ့ လုံးဝ ကွဲလွဲနေပြီး အဲဒီအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ပြီးတော့ ဒဏ်ရာရခဲ့တဲ့ ပါလက်စတိုင်း အမျိုးသားကို ဆေးရုံကို ပို့ဆောင်ပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူစေခဲ့ကြောင်းလည်း IDFက ထုတ်ပြန် ဖြေရှင်းထားပါတယ်။

Ref: CNN