တရုတ် ဘောလုံးပရိသတ်တွေဆီက ကျေးဇူးတင်ပြီး ပေးပို့တဲ့ ငွေကြေးတွေ ရရှိနေတဲ့ စင်ကာပူ ဂိုးသမား

ဇွန်၊ ၁၅

တရုတ်ပရိသတ်တွေက ကျေးဇူးတင်လို့ ပေးပို့လာတဲ့ ငွေကြေးတွေကို လက်ခံရရှိနေကြောင်း စင်ကာပူ ဂိုးသမား ဟာဆန် ဆွန်နီက ပြောပြခဲ့ပါတယ်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ထိုင်းနဲ့ ယှဉ်ပြိုင်ရာမှာ သူ့ရဲ့ လက်စွမ်းပြမှုက တရုတ်အသင်းကို နောက်တဆင့် တက်နိုင်အောင် သွယ်ဝိုက် အကူအညီ ပေးသလို ဖြစ်သွားတဲ့နောက် တရုတ် ဘောလုံးပရိသတ်တွေက ဟာဆန်ကို ကျေးဇူးတင်တဲ့ အနေနဲ့ ငွေကြေးတွေ ပေးပို့ခဲ့ကြတာပါ။

တရုတ်ဟာ အခုသီတင်းပတ် အစောပိုင်းမှာ တောင်ကိုရီးယားကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တဲ့အတွက် နောက်တဆင့်တက်ဖို့ မျှော်လင့်ချက် အတော်ပါးလျသွားခဲ့ပါတယ်။ တဖက်မှာတော့ ထိုင်းဟာ ဘန်ကောက်မြို့က အိမ်ကွင်းမှာ စင်ကာပူကို ၃ ဂိုးပြတ် အနိုင်ရခဲ့မယ်ဆိုရင် တရုတ်ကိုကျော်ပြီး ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်တဆင့်ကို တက်ခွင့်ရမှာ ဖြစ်ပါတယ်။

ထိုင်းဟာ အာရှဇုန် အုပ်စု (ဂ) ခြေစစ်ပွဲ ဇယားအောက်ခြေက စင်ကာပူ အသင်းကို တောက်လျှောက် ဖိကစားပြီး တဒိုင်းဒိုင်း ကန်သွင်းခဲ့ပေမယ့် အသက် ၄၀ အရွယ် ဂိုးသမားကြီးက ငယ်မူငယ်သွေးနဲ့ လက်စွမ်းတွေပြပြီး ၁၁ ကြိမ် ကာကွယ်သွားခဲ့ပါတယ်။ ပွဲအပြီးမှာ ထိုင်းက စင်ကာပူကို ၃-၁ နဲ့ အနိုင်ရခဲ့ပေမယ့် လိုအပ်တဲ့ ဂိုးကွာခြားချက်နဲ့ လွဲချော်ပြီး တရုတ်ကပဲ နောက်တဆင့် တက်သွားခဲ့တာ ဖြစ်ပါတယ်။

ဟာဆန်က သူ့မိသားစု ပိုင်ဆိုင်တဲ့ စားသောက်ကုန် လုပ်ငန်းတခုရဲ့ QR Codeဟာ တရုတ် ပရိသတ်တွေကြား ပျံ့နှံ့နေပြီး အဲဒီကနေတဆင့် ပိုက်ဆံတွေ ဝင်နေတာ ဖြစ်တယ်လို့ စင်ကာပူ သတင်းဌာန CNAကို ပြောပြခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံတွေ ရနေတော့ သူလည်း ပျော်မိကြောင်း ဟာဆန်က ရယ်ရယ်မောမော ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီကိစ္စ ဘယ်အချိန်ရပ်မှာလဲ ဆိုတာနဲ့ တရားရော ဝင်ရဲ့လား ဆိုတာတွေ တွေးမိတဲ့ အချိန်မှာ နည်းနည်းတော့ ရင်ထိတ်သွားမိတယ်လို့ ဝန်ခံခဲ့ပါတယ်။ သူက ငွေတွေ ဘယ်လောက် ရခဲ့သလဲ ဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။ တချိန်ချိန်တော့ ဒီကိစ္စ အရှိန်သေသွားဖို့ မျှော်လင့်တယ်လို့ ဟာဆန်က ဖွင့်ဟခဲ့ပါတယ်။

ဟာဆန်ရဲ့ မိသားစုပိုင် ဒါပူဟာဆန် စားသောက်ကုန် လုပ်ငန်းဟာ စင်ကာပူမြို့ အရှေ့ဖက် ဆင်ခြေဖုံး တနေရာမှာ တည်ရှိပါတယ်။ ထိုင်းနဲ့ပွဲမှာ သူ့ရဲ့ သူရဲကောင်းဆန်ဆန် လက်စွမ်းပြမှုအပြီး သူ့ဆိုင်ကို တရုတ် ဖောက်သည်တွေ အများကြီး လာအားပေးပြီး ပစ္စည်းတွေပါ ပြတ်ကုန်တယ်လို့ ဟာဆန်က ဆိုပါတယ်။

ဒီအခြေအနေက သူ့မိသားစုကို အံ့ဩစေခဲ့ပြီး သမီးဖြစ်သူက ဘာဖြစ်လို့ တရုတ်ဖောက်သည်တွေချည်း စုပြီး ရောက်လာသလဲ ဆိုတာကို နားမလည်နိုင် ဖြစ်ခဲ့တယ်လို့ ဟာဆန်က ပြောပြသွားပါတယ်။

Ref: CNA