သက်ရှိသမိုင်းတခု ကြွေလွင့်ခြင်း

Photo – နာရေးကူညီမှုအသင်း (ရန်ကုန်)

ပြည်သူချစ်တဲ့ တပ်ချုပ်ဆိုပြီး သူ့ကို တချို့က ဂုဏ်ပြုတင်စားကြတယ်။ဒီအပေါ်မှာ သဘောထားကွဲလွဲကြတဲ့ အမြင်တချို့လည်းရှိပါတယ်။ ဘယ်သူမှ သဘောကွဲလွဲလို့မရနိုင်တာကတော့ သူဟာ သက်ရှိသမိုင်းတခုဖြစ်ခဲ့ တယ်ဆိုတာပါ။

လွတ်ရေးမရမီ၊လွတ်လပ်ပြီးခေတ်ကနေ မျက်မှောက်နိုင်ငံရေးသမိုင်းစာမျက်နှာတွေထဲအထိ ပါဝင်ပတ်သက် ဆောင်ရွက်ခဲ့တဲ့သူ့ကို သက်ရှိသမိုင်းတခုလို့ ရည်ညွှန်းရင်တော့ အငြင်းပွားစရာမရှိလောက်ဘူးလို့ယူဆရပါတယ်။

မြန်မာတနိုင်ငံလုံး အင်္ဂလိပ်လက်အောက်ကျရောက်နေတဲ့ ကိုလိုနီခေတ် ၁၉၂၇ ခုနှစ်မှာမွေး၊ဂျပန်ခေတ်မှာအရွယ် ရောက်ပြီး ဖက်ဆစ်တော်လှန်ရေးပါဝင်ဆင်နွှဲကာ လွတ်လပ်ရေးမရခင်ကတည်းက အရာရှိဖြစ်ခဲ့သူ….။

လွတ်လပ်ပြီးနောက် တရုတ်ဖြူကျူးကျော်စစ်ကိုပါဝင်တိုက်ထုတ်ခဲ့သူ၊ပြည်တွင်းစစ်ပွဲတွေလည်း တိုက်ခိုက်ခဲ့ ဖူး သူ၊ပါလီမန်ခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊မဆလခေတ်တွေအထိ အရာရှိငယ် အဆင့်ကနေ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးစတဲ့ရာထူးတွေအထိအဆင့်ဆင့်ဖြတ် သန်းတက် လှမ်း ခဲ့သူ။

တပ်သားအဆင့်ကနေ စစ်တပ်ထဲစတင်ဝင်ရောက်ပြီး ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့အထိ တက်လှမ်းနိုင်ခဲ့တဲ့ သူရဦးတင်ဦး။

အဲ့ဒီနောက်တော့ ဗိုလ်ချုပ်ကြီးသူရတင်ဦး ကနေ ရာထူးလက်မဲ့ဖြစ်ပြီး သူရဦးတင်ဦးဖြစ်ခဲ့ရ။၁၉၈၈ အရေးတော်ပုံ ကာလကနေ မျက်မှောက်နိုင်ငံရေးအခင်းအကျင်းတွေအထိ မြန်မာ့ ဒီမိုကရေစီခရီးကြမ်း တလျှောက် ဦးဆောင် ပါဝင် လျှောက်လှမ်းခဲ့သူတယောက်။

ခေတ်ကာလ အမျိုးမျိုးတွေကြား အနိမ့်အမြင့် အလှည့်အပြောင်းအမျိုးမျိုးကို ကြုံဆုံ ရင်ဆိုင်ရင်း တာဝန်တမျိုးပြီး တမျိုးလွှဲပြောင်းရယူကာ ယုံကြည်ရာကို သက်ဆုံးတိုင် ပွေ့ဖက်ဆုပ်ကိုင်သွားခဲ့တဲ့ သူရဦးတင်ဦး။

သူဟာ သက်ရှိသမိုင်းတခု။သူရဦးတင်ဦးအကြောင်းကို လေ့လာမယ်ဆိုရင် သူပါဝင်ဖြတ်သန်းခဲ့တဲ့ မြန်မာ့စစ်ရေး ၊နိုင်ငံရေးသမိုင်းတွေကိုပါ တခါတည်းတွဲပြီးမြင်တွေ့ရနိုင်မှာပါ။

အခုတော့ သူရဦးတင်ဦးဟာ ပင်နီတိုက်ပုံကိုဝတ်၊ပင်နီ ရင်ထိုးကို ဆင်မြန်းရင်း သူ့သမိုင်းကို အဆုံးသတ် ချန်ထား ရစ်ခဲ့ပါပြီ။လောကဓံအထုအထောင်းတွေကို ကြံ့ကြံ့ခံခဲ့တဲ့တိုင် ဇရာနဲ့ မရဏ တရားတွေကိုတော့ တွန်းလှန် ခုခံဖို့ မစွမ်းနိုင်ခဲ့တာပါ။

“ကျွန်တော်က ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီးတင်သာမကဘူး၊ကျွန်တော်က အားလုံးအောင်မြင်အောင်အတွက် ထမ်းပိုးမယ့်အထမ်းသမားဗျ၊ပြည်သူ့ဘက်က အထမ်းသမား”

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရပြီး အာဏာလွှဲပြောင်းရေးကိစ္စတွေလည်းအဆင် ပြေခဲ့ ချိန် နေပြည်တော်လွှတ်တော်ထဲ ရောက်လာတဲ့ သူရဦးတင်ဦးက သတင်းထောက်တွေကိုအားနဲ့မာန်နဲ့အဲ့ဒီလို ပြော ပြ ကြွေးကြော်ခဲ့ပါတယ်။

အဲ့ဒီအချိန်က အသက် ကိုးဆယ်နားကပ်နေပြီဖြစ်တဲ့ သူရဦးတင်ဦးဟာ NLD ပါတီ နာယက တဦးအနေနဲ့သာ တာ ဝန်ယူထားတာဖြစ်ပေမယ့် ရွေးကောက်ပွဲအနိုင်ရရေးအတွက် စည်းရုံးဟောပြောရင်း အသက်အရွယ်နဲ့ မလိုက် အောင်ခရီးတွေထွက်ခဲ့ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် NLD ပါတီရဲ့ အထင်ကရ နိုင်ငံရေး လှုပ်ရှားမှုတခုဖြစ်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟော ပြောပွဲတွေမှာလည်း နိုင်ငံရေးစင်မြင့်ထက်က ဦးတင်ဦးကို တွေ့ခဲ့ရတာပါပဲ။

သူ့အသက် ကိုးဆယ်ကျော်လာချိန် နောက်ထပ်ငါးနှစ်အကြာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာလည်း ကျန်းမာ ရေးသာကောင်းနေခဲ့ဦးမယ်ဆိုရင် NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲစင်မြင့်တွေထက်မှာ သူရ ဦးတင်ဦးကို တွေ့ရကောင်းတွေ့ရနိုင်ပါသေးတယ်။

၂၀၁၇ မေလ အတွင်း ရန်ကုန်မြို့က သူ့ရဲ့နေအိမ် ရေချိုးခန်းထဲ ချော်လဲရာက ကိုယ်တခြမ်းလေဖြတ်သွားပြီးတဲ့ နောက်မှာတောင် အပြင်သွားလာတဲ့အခါ သူ့ကိုတွဲခေါ်တာမျိုး ကြိုက်ပုံမရတဲ့ သူရဦးတင်ဦးရဲ့အမူအရာကိုကိုယ် တိုင်တွေ့ဖူးပါတယ်။

အဲ့ဒီမာကျောတဲ့စိတ်ဓာတ်ကိုပဲ လက်ကိုင်ပြုရင်း သူတွေ့ကြုံခဲ့ရသမျှ အဆိုးအကောင်း အကျိုး အကြောင်း အချိုးအကွေ့တွေကို ကြံ့ကြံ့ခံခဲ့တာဖြစ်နိုင်ပါတယ်။

အဲ့ဒီစိတ်ဓာတ်ကြောင့်ပဲ သူသာ ကျန်းမာရေးကောင်းနေဦးမယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် နောက်ကွယ်ကပဲ ပါဝင်ရရုံနဲ့ ရောင့်ရဲမှာမဟုတ်ဘဲ ကိုယ်တိုင် ဟောပြောစည်းရုံးလိမ့်ဦးမယ်ဆိုတာ အသေအချာပါ။

အဲ့ဒီအသက်အရွယ်နဲ့ ကျန်းမာရေးမကောင်းတဲ့ အခြေအနေမှာတောင် သူဟာ နေပြည်တော်က NLD ပါတီရုံးကို သွားပြီး အောင်နိုင်ရေးအတွက်နိုင်သမျှပါဝင်ခဲ့သေးတာပါ။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ အာဏာသိမ်းမှုဓလေ့ကိုစတင်ခဲ့တဲ့ အာဏာရှင်ဟောင်းဦးနေဝင်းနဲ့ ဆက်ဆံရေးကောင်း နေခဲ့ရာက ဦးနေဝင်းရဲ့အလိုမကျမှုတွေကြောင့် တပ်ချုပ်ရာထူးက ဖယ်ပေးလိုက်ရ၊နောက်တော့ပုန်ကန်မှုကို သ တင်းထိန်ချန်တယ်ဆိုပြီး ထောင်ဒဏ်ချခံရ။

ဗိုလ်ကြီးဟောင်းအုန်းကျော်မြင့်အမှုလို့သမိုင်းမှာထင်ရှားတဲ့ အဲ့ဒီခေတ်တပ်တွင်းပုန်ကန်မှုကိုက သူရဦးတင်ဦး တပ်ချုပ် နေရာကနေ ဖယ်ရှားခံရတာနဲ့သက်ဆိုင်ခဲ့တာပါ။

အသက်၄၅နှစ်နဲ့ ငါးဆယ်ကြားကာလတွေဟာ ဦးတင်ဦးရဲ့ မွန်းတည့်ချိန်တွေပေါ့။မြန်မာစစ်တပ်သမိုင်းမှာ အသက် အငယ်ဆုံး ဗိုလ်ချုပ်တွေထဲက တဦးလို့ မှတ်တမ်းတင်ခံရတဲ့ သူဟာ ဗိုလ်ချုပ်ဖြစ်ခဲ့အပြီးနှစ်နှစ်အကြာ ၁၉၇၄ ခု နှစ်မှာတော့  ဗိုလ်ချုပ်ကြီးဖြစ်လာကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်လာပါတယ်။

ဒါပေမယ့်နောက်ထပ်နှစ်နှစ်အကြာမှာပဲ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကနေ အနားပေးခံခဲ့ရပြန်တယ်။ဒီ့နောက် ရှေ့နေအဖြစ် ဘဝခရီးဆက်ဖို့ ကြိုးစားခဲ့သေးတဲ့ ဦးတင်ဦးဟာ ၁၉၈၈ အရေးတော်ပုံကာလကစလို့  နိုင်ငံရေးဝဲ ဂယက်ထဲပါဝင်ကူးခတ်ပါတော့တယ်။

ဒါကြောင့်လည်း တခြားဒီမိုကရေစီခေါင်းဆောင်တွေနဲ့အတူ စစ်အစိုးရရဲ့ ဖိနှိပ်မှု၊ဖမ်းဆီးအကျဉ်းချမှု၊ လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးစားမှုတွေကို အကြိမ်ကြိမ်ရင်ဆိုင်ဖြတ်သန်းရပါတော့တယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ ဒီမိုကရေစစီခရီးကြမ်း၊ပြည်သူတွေရဲ့ဒီမိုကရေစီခရီးကြမ်းကာလတလျှောက်လုံး မားမား မတ်မတ် ရပ်တည်ပါဝင်ခဲ့သူအဖြစ် အသိအမှတ်ပြုခံရတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါဝင်သူအားလုံးကို လုပ်ကြံသတ်ဖြတ်ဖို့အထိရည်ရွယ်တယ်လို့ သမိုင်းတွင်တဲ့ ဒီပဲယင်း ကြည်ရွာအကြမ်းဖက်မှုမှာလည်း အဲ့ဒီ ကာကွယ်ရေးဦးစီးချုပ်ဟောင်းဟာ အရိုက်အနှက် ခံရသူတွေထဲက တဦးအနေနဲ့ရှိနေခဲ့ပါတယ်။

NLD ပါတီကိုစတင်ဦးဆောင်တည်ထောင်သူတွေထဲက တဦးဖြစ်ပြီး ပါတီဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့သေးတဲ့ သူရဦးတင်ဦးဟာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်က ပြန်လွတ်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကတည်းက ပါတီနာ ယကဖြစ်လာပါတယ်။

သူကိုယ်တိုင်ကလည်း အဲ့ဒီကာလအပိုင်းအခြားမှာ နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်ခဲ့ရတာပါ။အဲ့ဒီအချိန်မှာ သူက အသက်ရှစ်ဆယ်ကျော်အရွယ်ရှိပြီ။

ဒါပေမယ့်နောက်ထပ် ဆယ်စုနှစ်တခုကြာသည်အထိ NLD ပါတီအရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်မှု တွေကို မရပ်နားခဲ့…။ခွပ်ဒေါင်း၊ကြယ်ဖြူပုံပါ ရင်ထိုးတပ်ထားတဲ့ ပင်နီတိုက်ပုံ ဝတ်ပြီး ဆံပင်ကိုကျော့နေအောင် ဖြီးသင်ထားတဲ့ အသက်ကိုးဆယ်ကျော်အရွယ် သူရဦးတင်ဦးကိုပြီးခဲ့တဲ့နှစ်တွေအတွင်းတွေ့ခဲ့ကြရတယ်။

ယုတ်စွအဆုံး ကိုယ်တခြမ်းလေဖြတ်ပြီး စကားကောင်းကောင်း မပြောနိုင် တော့တဲ့ အသက်၉၇နှစ်အရွယ် မှာ တောင်သူ့နေအိမ်အထိ လာတွေ့ကြတဲ့ အာဏာသိမ်းစစ်ခေါင်း ဆောင်နဲ့ သဘာဝတရားရိပ်သာဘုန်းကြီး တို့ကို သူရဦးတင်ဦးဟာ ပင်နီတိုက်ပုံဝတ်ပြီးတွေ့ဆုံခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်လာတွေ့ချိန်ကဆိုရင် ပင်နီတိုက်ပုံအပြင် NLD ပါတီရဲ့ အမှတ်အသားတခုဖြစ်တဲ့ ခွပ် ဒေါင်း၊ကြယ်ဖြူရင်ထိုးကိုပါ မပျက်မကွက် ဆင်မြန်းထားခဲ့တာပါ။

ဒီဖြတ်သန်းမှုတွေကြောင့်ပဲ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပေမယ့် ၁၉၈၈ ကစတဲ့ သူ့ရဲ့နိုင်ငံရေး ခရီးကြမ်းတလျှောက် နောက်ပြန်မလှည့်စတမ်း သူ့ရဲ့ရပ်တည်ချက်ဟာ အငြင်းပွားစရာမရှိအသိအမှတ်ပြုခံရတာပါ။

ဒါပေမယ့် စစ်အရာရှိဖြစ်နေချိန် သူ့ရဲ့ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့တော့ အငြင်းပွားကြတဲ့ အခြေအနေတချို့ ရှိပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်အထိ တက်လှမ်းနိုင်ခဲ့တဲ့ သူရဦးတင်ဦးရဲ့ မွန်းတည့်ချိန်ကာလတွေအတွင်း ၁၉၇၄ အလုပ်သမားသပိတ်၊ဦးသန့်အရေးအခင်း၊၁၉၇၅ ကျောင်းသားသပိတ်နဲ့ ရခိုင်ပြည်နယ် စစ်တွေဆန်ပြဿနာ အရေး အခင်းတွေမှာ တာဝန်မကင်းခဲ့ဘူးဆိုတဲ့ ပြောဆိုချက်တွေလည်းရှိနေတာပါ။

အဲ့ဒီအရေးအခင်းတွေဟာ မဆလ အစိုးရလက်ထက် အကြမ်းဖက်၊ပစ်ခတ်ဖြိုခွဲ ဖမ်းဆီးမှုတွေကြောင့် ဆန္ဒပြ သူတွေ အများအပြားသေဆုံးထိခိုက်၊ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေအဖြစ် မှတ်တမ်းတင်ခံထားရပါတယ်။

သူရဦးတင်ဦးကိုယ်တိုင်ကတော့ ဦးသန့်အရေးအခင်းကာလမှာ အင်အားသုံးနှိမ်နင်းခဲ့တာအတွက် သူ့မှာလည်း တာဝန်မကင်းတဲ့အကြောင်းနဲ့စိတ်မကောင်းဖြစ်ရကြောင်း ၂၀၁၂ခုနှစ်က ရန်ကုန်မြို့မှာကျင်းပတဲ့ ဦးသန့် အရေး လှုပ်ရှားမှု ၃၈နှစ်မြောက်အခမ်းအနားမှာပြောခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားဟာ ဦးသန့်အရေးအခင်းဖြစ်ပြီးနောက် ၃၈နှစ်အကြာမှ ပြည်တွင်းမှာ ပထမဆုံးလူသိရှင်ကြား ပြုလုပ်တဲ့ နှစ်ပတ်လည်အခမ်းအနားဖြစ်ပါတယ်။

“တာဝန်ကိုကျွန်တော်မရှောင်ပါဘူး၊ပေးတဲ့တာဝန်ကိုထမ်းဆောင်ရတာဖြစ်ပါတယ်၊အဲ့ဒါကြောင့်မို့လို့ ဒီကိစ္စနဲ့ ပတ် သက်လို့ ပထမဦးဆုံး ကျွန်တော်ပြောတဲ့စကားဟာ အင်မတန်မှဝမ်းနည်းပါတယ်လို့ ပြောရခြင်းဖြစ်ပါတယ်”လို့ သူရဦးတင်ဦးကပြောခဲ့ပါတယ်။

အဲ့ဒီအချိန်က သူရဦးတင်ဦးဟာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သလို မဆလ အစိုးရဖွဲ့စည်းထားတဲ့ ဦးသန့်ဈာပန အခမ်းအနားကျင်းပရေးကော်မတီ အဖွဲ့ဝင် ၁၅ဦးထဲမှာပါဝင်နေသူလည်းဖြစ်ပါတယ်။

သူရဦးတင်ဦးအပါအဝင် အဖွဲ့ဝင် ၁၄ဦးက ဦးသန့်ဈာပနကို နိုင်ငံတော်ဈာပနအနေနဲ့ကျင်းပဖို့ သဘောတူ တင်ပြခဲ့ ကြပေမယ့် ဦးနေဝင်းကတော့ ငြင်းဆန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“မင်းတို့ဒါနဲ့ပတ်သက်လို့ လုပ်ချင်ရင်လုပ်ကြ၊ငါတော့မလုပ်ဘူးလို့ ဒီလိုပြောတယ်ဆိုတော့ ဘယ်သူကသွားပြီး တော့လုပ်ရဲမလဲဗျာ” လို့ ဦးတင်ဦးကပြန်ပြောင်းပြောပြခဲ့ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသန့်ကွယ်လွန်ပြီးနောက် ရုပ်က လာပ်မြန်မာပြည်ပြန်ရောက်လာတဲ့အခါ ကျောင်းသားတွေနဲ့ပြည်သူတွေက ဈာပနကိုခမ်းခမ်းနားနား ကျင်းပချင် ခဲ့ကြတာပါ။

ဦးနေဝင်းကတော့ ဦးသန့်ဈာပနကို ထိုက်ထိုက်တန်တန် ကျင်းပပေးလိုခြင်းမရှိခဲ့တာကြောင့် ကျောင်းသား တွေ၊ ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့ပြီး အရေးအခင်းဖြစ်ကာ လူဦးရေအများအပြား အင်အားသုံးနှိမ်နင်းခံခဲ့ရတာပါ။

သူရဦးတင်ဦးကတော့ အဲ့ဒီအချိန်က လူဦးရေလေးထောင်ကျော်လောက် အင်းစိန်ထောင်ကိုပို့ပြီး ဖမ်းဆီးခံခဲ့ရနိုင် တယ်လို့ ခန့်မှန်းပါတယ်။

သူရဦးတင်ဦးအပေါ် ဝေဖန်မှုတွေနဲ့ပတ်သက်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက် တာမျိုးညွန့်ကိုမှတ်ချက်ပေးဖို့ မေးမြန်းရာမှာတော့ သူရဦးတင်ဦးရဲ့ ပြောစကားတခုကို ပြန်ပြောင်း ပြောပြပါ တယ်။

အဲ့ဒီစကားကို သူရဦးတင်ဦးက သူ့ရဲ့ အသက် ကိုးဆယ်ပြည့်မွေးနေ့မှာပြောခဲ့တာလို့လည်းသူက ပြောပါတယ်။ သူရဦးတင်ဦးရဲ့အဲ့ဒီမွေးနေ့ပွဲကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းက နေအိမ်မှာ ၂၀၁၇ခုနှစ်ကပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်လည်းတက်ရောက်ခဲ့တယ်လို့ သတင်းမှတ်တမ်းတွေမှာပြန်တွေ့ရပါတယ်။

“ကျွန်တော်(သူရဦးတင်ဦး)ဟာခုချိန်မှာဆိုရင် တရားအားထုတ် တရားထိုင်နေမယ့်အရွယ်ဖြစ်ပါတယ်၊ဒါပေမယ့် အခုနိုင်ငံရေး လုပ်နေတယ်ဆိုတာ တိုင်းပြည်အပေါ်သူပေးဆပ်ရမယ့်အကြွေးတွေရှိနေတဲ့အတွက် ဆက်လုပ်နေရ တာပါလို့ ပြော ပါတယ်” လို့ ဒေါက်တာမျိုးညွန့်ကပြန်ပြောပြပါတယ်။

ဒီစကားဟာ သူရဦးတင်ဦးအပေါ် ဝေဖန်လိုသူတွေရဲ့အမြင်ကို ချေဖျက်နိုင်တဲ့ စကားတခု ဟုတ်ချင်မှဟုတ်ပါလိမ့် မယ်။ဒေါက်တာမျိုးညွန့်ကတော့ သူရဦးတင်ဦးရဲ့ အဲ့ဒီပြောစကားကိုမူတည်ပြီးအခြေအနေအရ ဖြစ်ပျက်ခဲ့တာတွေ ကိုသဘောပေါက်နိုင်ကြဖို့မျှော်လင့်တယ်လို့ ဆိုပါတယ်။

သူရဦးတင်ဦးနဲ့ မကြာခဏ တွေ့ဆုံမေးမြန်းမှုတွေလုပ်ခဲ့ဖူးတဲ့ ပြည်တွင်းအခြေစိုက် ဂျာနယ်လစ်တဦးကတော့ ဦးတင်ဦးအပေါ် ဝေဖန်မှုတွေကိုလက်မခံပါဘူး။တပ်တွင်းအဆင့်မြင့်တာဝန်တွေထမ်းဆောင်ချိန်ကတည်းက သူရဦးတင်ဦးဟာ ဖိအား တွေကိုလွန်ဆန်ပြီးပြည်သူကို ငဲ့ညှာခဲ့တာကြောင့် ပြည်သူချစ်တဲ့ ဗိုလ်ချုပ်တဦး ဖြစ်လာတာလို့ သူကဆိုပါတယ်။

“သူ(သူရဦးတင်ဦး)သာတပ်မှာဆက်ရှိနေရင် စစ်တပ်ကလည်း အခုလိုတွေဖြစ်လာမှာမဟုတ်ဘူး”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲ့ဒီဂျာနယ်လစ်က သူ့အမြင်ကိုပြောပါတယ်။

ဒီလိုသူ့အပေါ် အကောင်းမြင်မှုတွေ၊အတိတ်ကလုပ်ရပ်တွေနဲ့ပတ်သက်လို့ ဝေဖန်ငြင်းခုံနေကြတာတွေကို သူရ ဦးတင်ဦးကိုယ်တိုင်ကတော့ မသိနိုင်၊မကြားနိုင် မတုံ့ပြန်နိုင်တော့ပါဘူး။

သူ့ရဲ့ဖြတ်သန်းမှု မှန်သမျှကို သမိုင်းစာမျက်နှာတွေထဲ ချန်ထားရစ်ပြီး သူ့ကိုတွေ့နေကျပုံစံအတိုင်း ပင်နီတိုက်ပုံ၊ ခွပ်ဒေါင်း၊ကြယ်ဖြူရင်ထိုးတွေကို ဆင်မြန်းရင်း သူ့ရဲ့နိုင်ငံရေး လုပ်ဖော် ကိုင်ဖက်တွေအနီးမှာလဲလျောင်းအနား ယူနေပါပြီ။

“အလွန်ကြေကွဲဝမ်းနည်းစွာဖြင့် နာယကကြီးသူရဦးတင်ဦးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တာဝန် အ ရပ်ရပ်မှကင်းလွတ်ခွင့်ပြုလိုက်ပါသည်” ဆိုတဲ့စာသားပါ အမိန့်ပြန်တမ်းတခုလည်းသူနဲ့အတူ ရှိနေပါတယ်။

၁၉၈၈ ခုနှစ်ကစလို့ ဆယ်စုနှစ် သုံးခုကျော်ကြာ ယှဉ်တွဲတွေ့ခဲ့ကြရပြီး ကျန်းမာရေးမကောင်းတော့ချိန်မှာ ဂရု တစိုက် သတင်းမေးနှုတ်ဆက်လေ့ရှိတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ အ ပါအဝင် သူ့ကိုချစ်ခင်သူအများအပြားကတော့ သူရဦးတင်ဦးရဲ့နောက်ဆုံးခရီးကို လိုက်ပို့ခွင့်မသာခဲ့ကြပါဘူး။

ကိုလိုနီခေတ်နှစ်ခုမှာ လူလားမြောက်ခဲ့ပြီး လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့သူ….။

လွတ်လပ်ပြီးခေတ်ကနေ မျက် မှောက်ခေတ် နိုင်ငံရေး မုန်တိုင်းတွေအထဲ အထိ ရှင်သန်ရုန်းကန်ခဲ့တဲ့ သက်ရှိ သမိုင်းတခုဟာ သမိုင်းစာမျက်နှာတွေထဲဆက်လက်ရှင်သန်နေပါလိမ့်မယ်။