စစ်အုပ်စုနဲ့ တွေ့ဆုံညှိနှိုင်းမှုကို NLD ကိုယ်စားပြုဆောင်ရွက်ဖို့ ဘယ်သူ့ကိုမှ တာဝန်ပေးအပ်ထားခြင်းမရှိ

စစ်အုပ်စုနဲ့ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ဆောင်ရွက်ဖို့ ဘယ်သူ့ကိုမှ တာဝန်ပေးအပ်ထားခြင်းမရှိကြောင်း NLD ဗဟိုအလုပ်ကော်မတီက ဒီကနေ့ထုတ်ပြန်ပါတယ်။
တရားမဝင် အာဏာသိမ်းစစ်အုပ်စုက နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးပမ်းနေမှအပေါ် အ ကြောင်းပြုပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သံရုံးတွေနဲ့ ဆက်သွယ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်ကို အလွဲသုံးစားပြုကာ ချိတ်ဆက်ဆောင်ရွက်နေမှုတွေ ရှိပါကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သက်ဆိုင်ခြင်းမရှိကြောင်း ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ချက်ဟာ ဧပြီ ၃၀ ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီနဲ့ ဗဟိုကော်မတီဝင်တွေ၊ ဗဟိုရေးရာ ကော်မတီဝင်တွေ၊ ပြည်နယ်နဲ့တိုင်းတာဝန်ခံတွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရဖြစ်ကြောင်း သိရပါတယ်။
အခုလို ထုတ်ပြန်ရခြင်းအကြောင်းနဲ့ ပတ်သက်ပြီးDelta News Agency က မေးမြန်းခဲ့ရာ NLD ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ‘လုပ်လာနိုင်သူတွေ ရှိလာရင် လည်း ပြည်သူကြိုသိထားအောင် တစ်ခုပါပဲ’ လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်ကစလို့ အောက်ခြေပါတီဝင်တွေအထိ ဖမ်းဆီးရုံတင်မက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွေပါ ဖျက်ဆီးခြင်းခံနေရပါတယ်။