ဆီးရီးယားမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန် စစ်ဗိုလ်ချုပ် သေဆုံး

ဇွန်၊ ၅

ဆီးရီးယား နိုင်ငံမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု တခုအတွင်း အီရန် ဗိုလ်ချုပ်တယောက် သေဆုံးသွားခဲ့တယ်လို့ အီရန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အီရန်နဲ့ အစ္စရေးတို့ကြား အရှေ့အလယ်ပိုင်း ဒေသမှာ အကြီးအကျယ် စစ်ဖြစ်လုနီးပါး အခြေအနေထိ နီးနီးစပ်စပ် ကြုံခဲ့တဲ့နောက် နှစ်လအကြာမှာ နောက်ထပ် ပြဿနာ ထပ်ဖြစ်လာခဲ့တာပါ။ အဲဒီတုန်းက အီရန်ဟာ အစ္စရေးကို ဒုံးကျည်နဲ့ ဒရုန်းတွေ အများအပြား အသုံးပြု တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အခု သီတင်းပတ် အစောပိုင်းမှာတော့ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်တဦးဟာ ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့မှာ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

ဗိုလ်ချုပ် ဆာ့ဒ်အဘီယာဟာ ဆီးရီးယားမှာ စစ်ဘက်အကြံပေး အရာရှိအဖြစ် တာဝန်ယူထားသူလို့ ဆိုပါတယ်။ ဆီးရီးယား အစိုးရပိုင် SANA သတင်းဌာနက အလက်ပို တဝိုက်မှာရှိတဲ့ စစ်ရေး ပစ်မှတ်တွေကို အစ္စရေးက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြသွားပါပေမယ့် ထိခိုက်သေကြေမှု စာရင်းကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

 အစ္စရေးဟာ အီရန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဆီးရီးယားနိုင်ငံ ပိုင်နက်ထဲမှာ အရင်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။

သတင်းတွေသာ မှန်ကန်မယ်ဆိုရင် အဘီယာဟာ ဧပြီလနောက်ပိုင်း အစ္စရေး လက်ချက်နဲ့ သေဆုံးတဲ့ ပထမဆုံး အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ အရာရှိ ဖြစ်လာမှာပါ။ ဧပြီလတုန်းက ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက် မြို့တော်မှာရှိတဲ့ ကောင်စစ်ဝန်ရုံးဟာ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး အီရန် ထိပ်တန်း စစ်အရာရှိတချို့ အသက်ဆုံးရှုံးခဲ့ပါတယ်။

အဲဒီကိစ္စကို အီရန်က ဒုံးကျည်နဲ့ ဒရုန်းတွေ တပြုံတမ ပစ်ခတ်ပြီး လက်တုံ့ပြန်ခဲ့တာကြောင့် နှစ်နိုင်ငံ စစ်ဖြစ်လုနီးပါးထိ ပြဿနာတွေ ကြီးမားသွားခဲ့ဖူးတာပါ။

အီရန်ဟာ ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ဆီးရီးယား ပြည်တွင်းစစ်အတွင်း သမ္မတ ဘာရှာ အယ်လ်အာဆတ်ကို ထောက်ခံ အားပေးခဲ့ပြီး စစ်ဘက်အကြံပေး အရာရှိ တော်တော်များများကို စေလွှတ်ပေးထားခဲ့ပါတယ်။

Ref: CNN