မေ၊ ၂၉
ထိုင်းနိုင်ငံရဲ့ ကွန်ဒို အရောင်းစျေးကွက်ဟာ အခုနှစ်မှာလည်း မြန်မာ အပါအဝင် နိုင်ငံခြားသား ဝယ်လက်တွေအပေါ် ကြီးကြီးမားမား ဆက်လက် မှီခိုထားရဆဲလို့ စျေးကွက် လေ့လာသူတွေက ပြောပါတယ်။
အိမ်ခြံမြေ သတင်းအချက်အလက် စင်တာ (REIC)က အခုနှစ် ပထမ သုံးလပတ်အတွင်း နိုင်ငံခြားသား ဝယ်လက်တွေ လက်ထဲ ကွန်ဒိုတွေ လွှဲပြောင်းပေးရမှုဟာ အဲဒီမတိုင်ခင် သုံးလပတ်ထက် ၄.၃ ရာခိုင်နှုန်း၊ နှစ်အလိုက် နှိုင်းယှဉ်မှုအရ ၅.၂ ရာခိုင်နှုန်း တိုးလာတယ်လို့ ဖော်ပြထားပါတယ်။
REICရဲ့ ဒါရိုက်တာချုပ် ဗီချိုင်း ဗီရတ်ခန်ပန်က ၂၀၂၄ ခုနှစ် ပထမဆုံး သုံးလအတွင်း ဘတ်ငွေ ၁၈ ဘီလီယံ တန်ဖိုးရှိတဲ့ ကွန်ဒိုအခန်း ၉၃၉၈ ခန်း ရောင်းချခဲ့ရတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။
တဖက်မှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကွန်ဒိုခန်းတွေ ရောင်းချရမှုကတော့ ၀.၆ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ၁၀.၇ ရာခိုင်နှုန်း ကျရိပ်ပြခဲ့ပြီး ဒေါ်လာ ၆၃ ဘီလီယံဖိုး အခန်း ၂၃၅၃၁ ခန်း ရောင်းထွက်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဝယ်လိုအား ကျဆင်းမှုနဲ့အတူ ပြည်တွင်း ကွန်ဒိုအရောင်းစျေးကွက် သိသိသာသာ အေးနေတယ်လို့ ဗီချိုင်းက ပြောပါတယ်။ ၂၀၂၂ ခုနှစ်ကစလို့ ထိုင်းမှာ နိုင်ငံခြားသားတွေ ကွန်ဒို ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံမှုတွေက ဆက်တိုက် တိုးပွားလာနေပါတယ်။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးရေး အရှိန်မြှင့်လာတာ၊ တချို့နိုင်ငံတွေရဲ့ အနာဂတ် မတည်ငြိမ်တာတွေက ထိုင်းမှာ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူမြှုပ်နှံစေတဲ့ အဓိက အကြောင်းတရားတွေ ဖြစ်လာတယ်လို့ ဗီချိုင်းက သုံးသပ်ခဲ့ပါတယ်။
အခုနှစ် ပထမ ၃ လပတ်မှာတော့ ပထမဆုံး အကြိမ်အဖြစ် မြန်မာတွေဟာ ထိုင်းကွန်ဒို တိုက်ခန်းတွေ ဝယ်ယူမှု အများဆုံး နိုင်ငံခြားသားတွေ စာရင်းရဲ့ ဒုတိယ နေရာထိ တက်လာခဲ့ပါတယ်။ ၂၀၂၂ ကတည်းက မြန်မာ နိုင်ငံသားတွေဟာ သုံးလပတ်အလိုက် ထိုင်းမှာ ကွန်ဒို ဝယ်ယူမှု အရေအတွက် အရရော၊ တန်ဖိုးအရပါ အများဆုံး နိုင်ငံခြားသားတွေ စာရင်းရဲ့ ထိပ်ဆုံး ၁၀ နေရာမှာ ပါဝင်နေခဲ့ပါတယ်။
အခုနှစ် ပထမ ၃ လပတ်မှာတော့ မြန်မာနိုင်ငံသားတွေက ကွန်ဒို ၃၉၂ ခန်းကို ဘတ် ၂.၂ ဘီလီယံထိ သုံးစွဲပြီး ဝယ်ယူခဲ့ပါတယ်။ ထိုင်းမှာ ကွန်ဒိုဝယ်ယူမှု အများဆုံး နိုင်ငံခြားသားတွေ စာရင်းမှာတော့ တရုတ်က စုစုပေါင်း ၁၅၉၆ ခန်းကို ဘတ် ၇.၅၇ ဘီလီယံ အသုံးပြု ဝယ်ယူရင်း ဦးဆောင်နေဆဲ ဖြစ်ပါတယ်။
Ref: Bangkok Post