မြောက်ကိုရီးယား ဂြိုဟ်တု လွှတ်တင်မှုမှာ ဒုံးပျံပေါက်ကွဲသွားလို့ မအောင်မြင်

မေ ၊ ၂၈

မြောက်ကိုရီးယားဟာ ဒုတိယမြောက် ဂြိုဟ်တုတလုံးကို ကမ္ဘာပတ်လမ်းထဲ လွှတ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် ဒုံးကျည်က လမ်းတဝက်မှာတင် ပေါက်ကွဲ ပျက်စီးသွားခဲ့ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။

မေလ ၂၇ ရက်နေ့က မြောက်ကိုရီးယားကနေ ဒုံးပျံလို့ ယူဆရတဲ့ အမည်မသိ အရာတခုကို လွှတ်တင်ခဲ့ပေမယ့် ပေါက်ကွဲသွားကြောင်း တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက ထုတ်ပြန်ခဲ့တဲ့နောက် မြောက်ကိုရီးယားက မအောင်မြင်တဲ့ ဂြိုဟ်တု လွှတ်တင်ရေး အစီအစဉ်အကြောင်း ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

ဂြိုဟ်တုကို တင်ဆောင်သွားတဲ့ ဒုံးပျံဟာ လွှတ်တင်လိုက်ပြီး တဆင့်ချင်း ကွဲထွက်ရမယ့် အခြေအနေမှာ ပထမဆုံး အဆင့်နဲ့တင် မီးလောင် ပေါက်ကွဲသွားတာလို့ မြောက်ကိုရီးယား အမျိုးသား အာကာသ နည်းပညာ ကွပ်ကဲရေး ဌာနရဲ့ အဆိုကို ကိုးကားပြီး အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် ဒုံးပျံရဲ့ ဒီဇိုင်းသစ် လောင်စာရည်သုံး မော်တာမှာ ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့တယ်လို့ ယူဆရကြောင်း၊ ဒါပေမဲ့ အဲဒီ အယူအဆကိုလည်း အတည်မပြုနိုင်သေးဘဲ ဆက်လက် စုံစမ်းဖို့ လိုအပ်ကြောင်း KCNAက ဆိုပါတယ်။

တောင်ကိုရီးယားရော၊ ဂျပန်ကပါ မြောက်ကိုရီးယားရဲ့ ဒုံးပျံလွှတ်တင်မှုကို စောင့်ကြည့်နေခဲ့ကြပါတယ်။ မြောက်ကိုရီးယားက ရက်ပိုင်းအတွင်း ဒုံးပျံလွှတ်တင်မှု ရှိလာနိုင်တယ်လို့ ဂျပန် အစိုးရဆီ ကြိုတင်ပြီး အကြောင်းကြားထားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ပထမဆုံး ထောက်လှမ်းရေး ဂြိုဟ်တုကို ရုရှားအကူအညီနဲ့ နိုဝင်ဘာလမှာ အောင်အောင်မြင်မြင် လွှတ်တင်ခဲ့ဖူးပါတယ်။ အဲဒီ ဂြိုဟ်တုကိုလည်း ပထမနှစ်ကြိမ် အဆုံးအရှုံးတွေ ကြုံပြီးတော့မှ လွှတ်တင်နိုင်ခဲ့တာပါ။

နျူကလီးယား လက်နက်ပိုင် မြောက်ကိုရီးယားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူမှုတွေကြောင့် ဒုံးပျံနဲ့ ဂြိုဟ်တု လွှတ်တင်ခွင့်တွေ ကန့်သတ် ခံထားရတာပါ။ ဒါပေမဲ့ မြောက်ကိုရီးယား အစိုးရကတော့ ထောက်လှမ်းရေး ဂြိုဟ်တုတွေ လွှတ်တင်တယ် ဆိုတာဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတိုင်းရဲ့ ကိုယ်ပိုင် အခွင့်အရေးတခု ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

Ref: CAN