အခြေအနေဆိုးမှာ အကောင်းဆုံး တုံ့ပြန်ခဲ့တဲ့ အမှုထမ်းတွေကို စင်ကာပူ လေကြောင်းလိုင်း အကြီးအကဲ ကျေးဇူးစကားဆို

မေ၊ ၂၇

လေထု အပြောင်းအလဲ (Turbulence)ကြောင့် လေယာဉ် အပြင်းအထန် ယိမ်းခါ လှုပ်ရှားခဲ့တဲ့ ဖြစ်ရပ်မှာ အကောင်းဆုံး တုံ့ပြန် ကိုင်တွယ်ပေးခဲ့တဲ့ လေယာဉ် အမှုထမ်းတွေကို ကျေးဇူးတင်ကြောင်း စင်ကာပူ လေကြောင်းလိုင်း အကြီးအကဲက ပြောကြားခဲ့ပါတယ်။

မေလ ၂၁ ရက်နေ့က စင်ကာပူ လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် SQ321ဟာ လန်ဒန်ကနေ စင်ကာပူကို ဦးတည်ပျံသန်းချိန် မြန်မာ လေပိုင်နက်ထဲမှာ Turbulence အခြေအနေနဲ့ ကြုံတွေ့ခဲ့တာကြောင့် လေယာဉ်မှူးက လမ်းကြောင်းပြောင်းပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်မှာ ဗြိတိန် အမျိုးသား တဦးက နှလုံးဖောက် သေဆုံးခဲ့ပြီး ကျောရိုးထိခိုက်သူတွေ အပါအဝင် ဒဏ်ရာရသူ ဒါဇင်နဲ့ချီ ရှိခဲ့ပါတယ်။ Boeing B777-ER အမျိုးအစား လေယာဉ်ဟာ အခင်းဖြစ်ပွားချိန်က ခရီးသည် ၂၁၁ ဦးနဲ့ အမှုထမ်း ၁၈ ဦး စီးနင်းလိုက်ပါခဲ့တာပါ။

မေလ ၂၆ ရက်နေ့မှာတော့ လေယာဉ်နဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ အားလုံး ပြီးစီးသွားပြီ ဖြစ်တာကြောင့် ဘန်ကောက်ကနေ စင်ကာပူကို ပျံသန်း ထွက်ခွာသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၅ ရက်လောက် ကာလဟာ လေကြောင်းလိုင်းနဲ့ ပတ်သက်သူ အားလုံးအတွက် ခက်ခဲလှတဲ့ စိန်ခေါ်မှုတွေ ဖြစ်စေခဲ့တယ်လို့ လေကြောင်းလိုင်းပိုင်ရှင် ဂိုချောင်ပေါင်က သူ့ရဲ့ သဘောထား ကြေညာချက်မှာ ရေးသားထားခဲ့ပါတယ်။

သူက လေယာဉ် အမှုထမ်းတွေဟာ ခက်ခဲကြမ်းတမ်းလှတဲ့ အခြေအနေမှာ တာဝန်ယူမှုအပြည့်၊ အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်သင့်တာ မှန်သမျှကို သွက်သွက်လက်လက်၊ အချိတ်အဆက်မိမိ တုံ့ပြန် လုပ်ဆောင်ခဲ့တာ တွေ့ရကြောင်း၊ ဒီအတွက်လည်း စင်ကာပူ လေကြောင်းလိုင်းရဲ့ ဘုတ်အဖွဲ့၊ စီမံခန့်ခွဲမှု အဖွဲ့တွေ အားလုံးကိုယ်စား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါကြောင်း ဂိုက ဆိုပါတယ်။

ဂိုက အခုဖြစ်စဉ်အတွင်း ဒဏ်ရာပြင်းလို့ ဆက်လက် ကုသမှု ခံယူနေရဆဲ ခရီးသည်တွေနဲ့ အမှုထမ်းတွေကိုလည်း အစွမ်းကုန် ပံ့ပိုး ကူညီသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဘန်ကောက်ကို ရောက်ရှိခဲ့ပြီး လူနာတွေကို ကိုယ်တိုင် သွားရောက် တွေ့ဆုံခဲ့ပါတယ်။

စင်ကာပူ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်က Turbulenceကြောင့် ထိခိုက်သေကြေခဲ့သူတွေနဲ့ မိသားစုတွေအတွက် စာနာဝမ်းနည်းကြောင်း ကြေညာခဲ့ပြီး ဖြစ်စဉ်ကို အသေးစိတ် ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းပြီး အချက်အလက်တွေ ထုတ်ပြန်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

စင်ကာပူ လေကြောင်းလိုင်းနဲ့ ဆက်စပ်တဲ့ မတော်တဆမှုတွေက အရမ်းရှားပါးပြီး ပုံမှန်အားဖြင့် ကမ္ဘာပေါ်မှာ အန္တရာယ် အကင်းဆုံး လေကြောင်းလိုင်း တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။

စင်ကာပူ လေကြောင်းလိုင်း နောက်ဆုံးကြုံခဲ့တဲ့ လူ့အသက်တွေ ဆုံးရှုံးတဲ့ မတော်တဆမှုဟာ ၂၀၀၀ ပြည့်နှစ်တုန်းက ဖြစ်ပြီး Boeing 747 လေယာဉ်တစ်စီးဟာ ထိုင်ဝမ်လေဆိပ်မှာ လမ်းကြောင်းမှား ပျံတက်ရာက ပျက်ကျခဲ့တာကြောင့် လိုက်ပါသွားသူ ၁၇၉ ဦးထဲက ၈၃ ဦး သေဆုံးခဲ့ပါတယ်။

Ref: CNA