လောင်းလုံးမြို့တွင်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ


မေ ၊ ၁၄ 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က စစ်ကောင်စီ တပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကရော တော်လှန်ရေး တပ်တွေဘက်ကပါနှစ်ဖက်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

“ရဲဘော်တယောက်က လက်နက်ကြီးထိလို့ ကျတာ၊ ကျန်တဲ့နှစ်ယောက်ကတော့ ယှဥ်ပစ်ရင်းမှထိတာ၊ ခေါင်းကိုက တယောက်ထိတယ်”လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါ တယ်။ 

လောင်းလုံးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ လက် အောက်ခံ မြို့မရဲစခန်း၊ ရဲစခန်းနဲ့ မျက်နှာချင်းဆိုင် မှာရှိတဲ့ ထွေအုပ်ရုံး၊ လောင်းလုံးမြို့နဲ့ တမိုင် ကျော် အကွာက လက်ခတ်တောင် တာဝါတိုင်စခန်းတို့ကို လောင်းလုံး ပကဖနဲ့ တခြားပူးပေါင်းတပ်တွေက မေလ ၉ ရက် မနက်အစောပိုင်းမှာ တပြိုင် တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ 

ခြောက်နာရီလောက်ကြာခဲ့တဲ့ အဲဒီ တိုက်ပွဲအတွင်း လောင်းလုံး ပကဖ တပ်ဖွဲ့ဝင်တဦးအပါအဝင် ပူးပေါင်းတပ်တွေဘက်က သုံးဦးကျဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတစီး၊ စစ်ရဟတ်ယာဥ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို လောင်းလုံးမြို့ အနောက်ဘက် လေးမိုင်ကျော်လောက်အကွာမှာရှိတဲ့ ရေတပ်စစ်သင်္ဘောကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ 

“လေယာဥ်နဲ့ ပစ်တာက မထိဘူး၊ ကျွန်တော်တို့အနားတဝိုက်တော့ ကျည်ဆန်ကျတာတွေရှိတယ်” လို့ အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။ 

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကလည်း ၁၇ ဦး သေဆုံးပြီး ၁၆ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ လောင်းလုံးပကဖ က ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး DNA အနေနဲ့ အတည်မပြုနိုင်ပါဘူး။ 

တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင် တချို့ ကတော့ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတဲ့ စစ် ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးနဲ့အထက် မရှိနိုင်ဘူးလို့လည်း DNA ကို ပြောပါတယ်။ 

လောင်းလုံးမြို့ခံတချို့ကတော့ တိုက်ပွဲအပြီး အရေးပေါ်လူနာတင်ယာဥ်တွေ သွားလာတာမျိုးမရှိပေမယ့် ထိခိုက်သေဆုံးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတယ်လို့ သိထားရကြောင်း ပြောကြပါတယ်။ 

“တာဝါတိုင်စခန်းက သေတဲ့ ခွေး (စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေကို အဲ့မှာပဲမြေမြှုပ်ထားလို့ အနံ့ထွက်နေတယ်တဲ့”လို့ တာဝါတိုင်စခန်းအနီး နေထိုင်သူတွေရဲ့ ပြောဆို ချက်ကိုကိုးကားပြီး လောင်းလုံးမြို့ခံ အမျိုး သမီးတဦးက DNA ကို ပြောပါတယ်။ 

နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားအဘွားအိုတဦး ဦးခေါင်းကို လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ ပြီး တခြားအမျိုးသားတဦးလည်း ဒဏ်ရာရခဲ့ ပါသေးတယ်။ 

တနင်္သာရီတိုင်းရဲ့ အုပ်ချုပ်ရေးမြို့တော် ထားဝယ်မြို့ရဲ့ အနောက်ဘက်ခြမ်း ထားဝယ်မြစ်ရဲ့ တဖက်ကမ်းမှာရှိတဲ့ လောင်းလုံးမြို့နယ်အောက်ဘက်ပိုင်းမှာ လောင်းလုံးမြို့ပေါ်နဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်ချထားတဲ့ ကျောက်နီမော်ကျေးရွာကလွဲလို့ ကျန်တဲ့နေရာတွေကို လက်ရှိမှာ စစ်ကောင်စီတပ်က နယ်မြေထိန်းချုပ်နိုင်ခြင်းမရှိတော့ပါဘူး။ 

အခုနှစ်ထဲမှာပဲ လောင်းလုံးမြို့ကနေ ထားဝယ်မြို့ပေါ်ကိုသွားတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့သုံး အသုံးအဆောင်ပစ္စည်းတွေကို ကာကွယ်ရေးတပ်တွေက လမ်းမှာ စစ်ဆေးဖမ်းဆီးခဲ့တာ သုံးကြိမ်ထက်မနည်းရှိခဲ့ပါတယ်။ 

အလားတူပဲ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းကလည်း လောင်းလုံးမြို့ပေါ်မှာရှိတဲ့ ရဲစခန်း၊ ထွေအုပ်ရုံး၊ စရဖရုံးနဲ့ လဝက ရုံးတို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသေးတယ်။