တနင်္သာရီတိုင်းမှာ မေလအတွင်း ကိုဗစ်ကြောင့် သုံးဦးသေဆုံး

ဇွန်၊ ၁
 
တနင်္သာရီတိုင်းအတွင်းက မြို့နယ် ၉ ခုမှာ ပြီးခဲ့တဲ့ မေလအတွင်း ကိုဗစ် ၁၉ ပိုးတွေ့လူနာ အယောက် ၁၀၀ ရှိခဲ့ပြီး အဲဒီအထဲက ၃ ဦး သေဆုံးခဲ့တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ ကိုဗစ် ၁၉ ဆိုင်ရာ နေ့စဥ်ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။
 
မြို့နယ်အသီးသီးက လူပေါင်း ၂၅၃၄ ဦးကို စစ်ဆေးခဲ့ရာမှာတော့ ထားဝယ်မြို့နယ်အတွင်းမှာတော့ အများဆုံးအနေနဲ့ ပိုးတွေ့လူနာ ၆၅ ဦးအထိ ရှိခဲ့ပြီး ဘုတ်ပြင်းမြို့နယ်ကတော့ ၁၁ ဦးနဲ့ ဒုတိယအများဆုံး ရှိခဲ့ပါတယ်။
 
 
ဒါ့အပြင် တနင်္သာရီတိုင်းထဲက လောင်းလုံးမြို့နယ်မှာတော့ ကိုဗစ် ၁၉ ရောဂါနဲ့ပတ်သက်လို့ တယောက်မှ စစ်ဆေးခြင်းမရှိတာကို ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
 
သေဆုံးသူ ၃ ဦးကတော့ အသက် ၅၇ နှစ်အရွယ် ထားဝယ်မြို့ခံ အမျိုးသမီးတဦး၊ ထားဝယ်မြို့နယ်၊ ကနိုင်းဒါကျေးရွာက အသက် ၇၀ အရွယ် အမျိုးသမီးတဦးနဲ့ သရက်ချောင်းမြို့နယ်အတွင်းက အသက် ၇၇ နှစ်အရွယ် အမျိုးသားတဦးတို့ဖြစ်တယ်လို့ နာရေးကူညီမှု-ထားဝယ် ကနေ သိရပါတယ်။
 
နာရေးကူညီမှု-ထားဝယ် အဖွဲ့ဝင်တဦးကတော့ သေဆုံးသူ ၃ ဦးစလုံးဟာ ရောဂါအခံတွေနဲ့ ဆေးကုသမှု ခံယူနေရသူတွေ ဖြစ်တယ်လို့ DNA ကို ပြောပါတယ်။
“သုံးဦးစလုံးက ရောဂါအခံတွေနဲ့ ဆေးရုံတက်နေရတာလို့တော့ သိထားရတယ်၊ သေသွားပြီးမှ ဆေးစစ်ကြည့်လို့ ကိုဗစ်တွေ့တာလား မသေခင်ကတည်းက တွေ့တာလားတော့ သေချာမပြောတတ်ဘူး၊ ကျနော်တို့ကိုတော့ ထားဝယ်ဆေးရုံကြီးကနေ အကြောင်းကြာလာလို့ အလောင်းသယ်ပြီး သင်္ဂြိုဟ်ပေးလိုက်တာ” လို့ သူကပြောပါတယ်။
 
Delta News Agency ကတော့ သေဆုံးသူတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန အရာရှိတဦးကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးတက်ရောက်နေလို့ လက်ခံဖြေကြားပေးနိုင်ခြင်း မရှိပါဘူး။
 
သေဆုံးသူ ၃ ဦးရဲ့ အလောင်းတွေကိုတော့ ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးကနေ သယ်ယူသွားပြီး မြို့အပြင်ဘက်က ဇဟာသုသာန်မှာ မီးရှို့သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဧပြီလအတွင်းကတော့ တနင်္သာရီတိုင်းအတွင်း ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၂၁ ဦး ရှိခဲ့ပြီး သေဆုံးတာတော့ မရှိခဲ့ပါဘူး။
 
ကိုဗစ် ၁၉ ပိုးတွေ့တဲ့ လူနာတွေဟာ တနင်္သာရီတိုင်းအတွင်းရှိ သက်ဆိုင်ရာဆေးရုံတွေမှာ တက်ရောက်ဆေးကုသမှု ခံယူကြရပြီး မေလအတွင်းမှာတော့ ပိုးတွေ့လူနာ ၉၆ ဦး ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။
 
စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ ၂၀၂၃ ခုနှစ် ဧပြီလဆန်းပိုင်းကစလို့ ကိုဗစ် ၁၉ ရောဂါ ပြည်တွင်းကူးစက်မှုနှုန်း အနည်းငယ်မြင့်တက်လာတာကို တွေ့ရှိတာကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ် ၁၉ ဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာကြဖို့ ဧပြီလ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – နာရေးကူညီမှု-ထားဝယ်
ပုံစာ – ကိုဗစ်ပိုးတွေ့ရှိခဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေစဥ်။